
မော့ဂျ်တာဘာဟာ အီရန်လုံခြုံရေးတပ်ဖွဲ့တွေကြားမှာ သြဇာရှိတဲ့ ဘာသာရေးခေါင်းဆောင်တဦးဖြစ်သလို သူ့ဖခင်လက်အောက်က ကျယ်ပြန့်တဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်း ပါဝင်ပတ်သက်နေသူပါ။
၉၊ မတ်။
အီရန်နိုင်ငံဟာ အလီ ခါမေနီရဲ့နေရာမှာ ဆက်ခံဖို့အတွက် သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီကို အီရန်ရဲ့ အမြင့်ဆုံး ခေါင်းဆောင်သစ်အဖြစ် မတ်လ ၉ရက်နေ့မှာ ခန့်အပ် ကြေညာလိုက်ပါတယ်။
ဒါဟာ သဘောထားတင်းမာသူတွေကပဲ အာဏာကို ဆက်ပြီး မြဲမြဲမြံမြံကိုင်တွယ်ထားဦးမယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။
ရက်သတ္တပတ်ကြာလာပြီဖြစ်တဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားကစစ်ပွဲကြောင့် ရေနံဈေးဟာလည်း တဘာရယ်ကို ဒေါ်လာ ၁၀၀ အထက်ကိုရောက်သွားပါတယ်။
မော့ဂျ်တာဘာဟာ အီရန်လုံခြုံရေးတပ်ဖွဲ့တွေကြားမှာ သြဇာရှိတဲ့ ဘာသာရေးခေါင်းဆောင်တဦးဖြစ်သလို သူ့ဖခင်လက်အောက်က ကျယ်ပြန့်တဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်း ပါဝင်ပတ်သက်နေသူပါ။
အလီ ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူကို ရွေးချယ်ဖို့ တာဝန်ရှိတဲ့ဘာသာရေးခေါင်းဆောင် ၈၈ ဦးပါအဖွဲ့ ရဲ့ တနင်္ဂနွေနေ့ မဲခွဲဆုံးဖြတ်မှု မတိုင်ခင်ကတည်းက သူ့ကို ရေပန်းအစားဆုံးအဖြစ် ရှုမြင်ခဲ့ကြတာဖြစ်ပါတယ်။
“အဆင့်မြင့်ပညာရှင်များအဖွဲ့ဟာ ပြတ်သားတဲ့ မဲရလဒ်နဲ့အတူ အယာတိုလာဆယက်ဒ် မော့ဂျ်တာဘာ ဟိုစိန်နီ ခါမေနီကို အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတော်ရဲ့ တတိယမြောက် အမြင့်ဆုံးခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပါတယ်” လို့ တီဟီရန်စံတော်ချိန် သန်းခေါင်ကျော်အချိန်မှာ ထုတ်ပြန်တဲ့ အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ရာထူးဟာ အီရန်နိုင်ငံရဲ့ နိုင်ငံတော်ရေးရာ ကိစ္စရပ်အားလုံးမှာ မော့ဂျ်တာဘာကို နောက်ဆုံး အဆုံးအဖြတ်ပေးနိုင်ခွင့် ပေးထားတာဖြစ်ပါတယ်။
အခုလို ခန့်အပ်လိုက်တာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဒေါသပုန်ထွက်စေမှာ သေချာပါတယ်။ ထရမ့်ကတော့ ခေါင်းဆောင်ရွေးချယ်မှုမှာ ဝါရှင်တန်အနေနဲ့ ပြောပိုင်ခွင့်ရှိသင့်တယ်လို့ တနင်္ဂနွေနေ့မှာ ပြောထားတာပါ။
“သူဟာ ကျွန်တော်တို့ဆီက အတည်ပြုချက်မရရင် ကြာကြာခံမှာမဟုတ်ဘူး”လို့ ABC သတင်းဌာနကို သူက ပြောပါတယ်။
အစ္စရေးဘက်ကလည်း အဆိုပါ ကြေညာချက် မထွက်ခင်ကတည်းက ဘယ်သူ့ကိုပဲ ခေါင်းဆောင်အဖြစ် ရွေးချယ်ပါစေ ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ခြိမ်းခြောက်ထားပါတယ်။
ခေါင်းဆောင်သစ်အမည် ထွက်ပေါ်လာပြီးနောကTimes of Israel သတင်းစာနဲ့ အင်တာဗျူးမှာတော့ ထရမ့်က တုံ့ပြန်ဖို့ ငြင်းဆန်ခဲ့ပြီး “ဘာဖြစ်မလဲဆိုတာစောင့်ကြည့်ကြတာပေါ့” လို့ပဲ ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်ပွဲကို အဆုံးသတ်ဖို့ဆိုတာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ နှစ်ဦးသဘောတူ ဆုံးဖြတ်ရမယ့် ကိစ္စလို့လည်း သူက ဆိုပါတယ်။
မော့ဂျ်တာဘာရဲ့ဖခင်၊ အီရန်အမြင့်ဆုံးခေါင်းဆောင်ဟောင်း အလီ ခါမေနီကတော့ လွန်ခဲ့တဲ့ တပတ်ကျော်က အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး စစ်ဆင်ရေးတွေထဲမှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
အီရန်ရဲ့ ကုလသမဂ္ဂသံအမတ်ကြီး ပြောကြားချက်အရ အမေရိကန်နဲ့အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်အရပ်သား အနည်းဆုံး ၁,၃၃၂ ဦးသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကျယ်ပြန့်လာတဲ့ စစ်ပွဲဟာ ရေနံကုန်သွယ်မှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာမှာကို စိုးရိမ်တာကြောင့် တနင်္လာနေ့ အာရှစတော့ဈေးကွက်မှာ ရှယ်ယာတွေ ကျဆင်းခဲ့ပြီး ဒေါ်လာဈေးကတော့ ယူရိုနဲ့ယန်းငွေတွေအပေါ် သိသိသာသာ တက်လာပါတယ်။
ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်ပို့မှုတွေ ကြာရှည်ပြတ်တောက်ပြီးထောက်ပံ့မှုတွေ နည်းသွားမှာကို စိုးရိမ်တာကြောင့် တနင်္လာနေ့ မနက်ပိုင်းမှာအမေရိကန် ရေနံစိမ်းဈေးဟာ ၂၀ ရာခိုင်နှုန်းကျော် တက်သွားပြီး ၂၀၂၂ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးဈေးကို ရောက်သွားပါတယ်။
Brent ရေနံဈေးဟာလည်း ပြီးခဲ့တဲ့အပတ်က ၂၈ ရာခိုင်နှုန်းအထိ တက်ခဲ့ပြီးနောက် အခု ၁၇ ရာခိုင်နှုန်း ထပ်တက်ပြီး တဘာရယ်ကို ၁၀၈.၇၃ ဒေါ်လာ ဖြစ်သွားပါတယ်။
Wall Street ဈေးကွက်မှာတော့ S&P 500 ရှယ်ယာဈေးတွေ ၁.၆ ရာခိုင်နှုန်းကျဆင်းသွားသလို၊ Nasdaq ရှယ်ယာဈေးတွေကလည်း ၁.၇ ရာခိုင်နှုန်း ထိုးကျသွားပါတယ်။
ထရမ့်ကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “အီရန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို ဖျက်ဆီးပြီးသွားရင် ရေနံဈေးတွေ အမြန်ပြန်ကျသွားမှာပါ” လို့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် အခုလို ဈေးတက်တာဟာ အမေရိကန်နဲ့ ကမ္ဘာကြီးရဲ့ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက်ဆိုရင် “အလွန်သေးငယ်တဲ့ ပေးဆပ်မှု” တခုသာဖြစ်တယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းက မော့ဂျ်တာဘာ ခါမေနီကို သစ္စာခံလိုက်ကြပြီလို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်းခေါင်းဆောင်သစ်ရဲ့ အမိန့်ကို နာခံဖို့ အဆင်သင့်ပဲလို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။
Ref – Reuters