ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ လောင်စာဆီ ဘယ်လို ရောင်းနေလဲ

“သူတို့က ၇ ရက်စာ ခွဲတမ်းချပေးတာ။အခုက ကြောက်ဝယ် ဝယ်ကုန်ကြတော့ အစောကြီး ဆီပြတ်တယ်။ မလောက်ရင်လည်း တပတ်ပြည့်မှ ခွဲတမ်းက ပြန်ထုတ်ခွင့်ရတယ်”

၀၇၊ မတ်လ။

ဧရာဝတီတိုင်းထဲက ကျုံပျော်၊  ဟင်္သာတ၊ မအူပင်၊ မြောင်းမြ မြို့တွေက မြို့နဲ့အတန်ငယ် အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ စက်သုံးဆီတွေ လုံးဝ ဝယ်ယူလို့ မရတော့ပါဘူး။

🔹 ကျုံပျော်မြို့

“ အထောင်က လိုင်စင်မဲ့ဆိုင်တွေနဲ့ ရှားခဲဟိုဘက်ထိ(ဟင်္သတအပိုင်ဘက်) သွားရင်တော့ ၁ လီတာကို ၅၀၀၀ နဲ့ဝယ်လို့ရတယ်။ အဲ့ဒါလည်း ဆိုင်ကယ်တစီးကို ၂ လီတာပဲရတယ်။ ရွာမှာတော့လုံးဝ ဝယ်လို့မရတော့ဘူး။ ဘူးနဲ့လည်း မရောင်းပေးဘူး ” လို့ ရှားခဲကျေးရွာအုပ်စု အပိုင်ထဲမှာ နေထိုင်တဲ့ ကိုမျိုးမြင့်က DNA ကိုပြောပါတယ်။

ကျုံပျော်မြို့နယ်ထဲမှာပါဝင်တဲ့ အထောင်မြို့မှာ ဆီဆိုင်နှစ်ဆိုင်ရှိပြီး မတ်လ ၅ ရက်နေ့ကတည်းက ပိတ်ထားကြောင်းနဲ့ ဟင်္သာတအပိုင်ထဲမှာ ပါဝင်နေတဲ့ ရှားခဲကျေးရွာ အရှေ့ဘက် အပိုင်းမှာတော့ လိုင်စင်မရှိဘဲ ‌ရောင်းချတဲ့ ဆီဆိုင် ၄ ဆိုင်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ယခင်က ဆီဆိုင်ကြီးတွေနဲ့ အလှမ်းဝေးတဲ့ ကျေးရွာလေးတွေမှာ မှောင်ခိုပုလင်းချင်နဲ့ရောင်းတဲ့ ဆီဆိုင်လေးတွေရှိပေမယ့် မနေ့က မတ်လ ၆ ရက်နေ့ကစလို့ အဲ့ဒီဆီဆိုင်လေးတွေမှာပါ လုံးဝ ဆီပြတ်တောက်သွားခဲ့တယ်လို့ ဆိုကြပါတယ်။

🔹 ဟင်္သာတမြို့

ဟင်္သာတမြို့ဟာ ခရိုင်မြို့လည်းဖြစ်တာကြောင့် ဆီဆိုင်ကြီးတွေ ၁၀ ဆိုင်ထက် မနည်းရှိပါတယ်။ ဒါကြောင့် စည်းကမ်းကြပ်မတ်မှုတွေနဲ့ ဆီကို ခွဲတမ်းနဲ့ ရောင်းချဖို့ ညွှန်ကြားထားပေမယ့် ရတဲ့ခွဲတမ်းက မလုံလောက်ဘူးလို့ ဆီလုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောပါတယ်။

“သူတို့က ၇ ရက်စာ ခွဲတမ်းချပေးတာ။အခုက ကြောက်ဝယ် ဝယ်ကုန်ကြတော့ အစောကြီး ဆီပြတ်တယ်။ မလောက်ရင်လည်း တပတ်ပြည့်မှ ခွဲတမ်းက ပြန်ထုတ်ခွင့်ရတယ်”လို့ ပြောပါတယ်။

ဒါပေမယ့် ဟင်္သာတခရိုင်ထဲက ဇလွန်မြို့နယ်အပါအဝင် မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေမှာတော့ စက်သုံးဆီဟာ လုံးဝပြတ်လပ်သွားပြီဖြစ်တယ်လို့ ဇလွန်မြို့နယ် ဝါးပတော ကျေးရွာမှာကုန်စုံဆိုင်ဖွင့်ထားသူ အမျိုးသမီးတဦးက ပြောပါတယ်။

“ မနေ့က ဆီဈေး လေးထောင်နဲ့နည်းနည်းဝယ်လို့ရသေးတယ်။ ဒီနေ့ ငါးထောင် ခြောက်ထောင် ကြားနေတယ် ဝယ်လို့လည်းမရဘူး။ ကျွန်မတို့ဆီမှာကိုရောင်းစရာ မရှိတာ။ နှဲကြိုးတို့(ဓနုဖြူမြို့နယ်အပိုင်)၊ ရှားခဲတို့ (ကျုံပျော်မြို့နယ်အပိုင်)၊ ဇလွန်တို့ကိုလည်း ဆီ တပေပါလောက်ရနိုင်မလား လိုက်ဝယ်တာလည်း မရဘူး။ ရောင်းဖို့ကို မရှိတော့တာ ” လို့ သူက ရှင်းပြပါတယ်။

ဝါးပတောကျေးရွာ အပါအဝင် ဇလွန်မြို့ရဲ့ အနောက်ဘက်ခြမ်းကကျေးရွာတွေဟာ စိုက်ပျိုးရေးနဲ့ အင်းလုပ်ငန်းကို အခြေပြု လုပ်ကိုင်ကြသူတွေဖြစ်ပြီး စက်သုံးဆီဟာ ဆိုင်ကယ်၊ကား၊ မော်တော်တွေ မောင်းနှင်ဖို့အတွက်တင်မကပဲ လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းတွေ အသုံးပြုဖို့ လိုအပ်တာဖြစ်ပါတယ်။

🔹 မအူပင်မြို့

မအူပင်မြို့နယ်မှာတော့ မြို့ပေါ်မှာရှိတဲ့ ဆီဆိုင်တချို့မှာ လက်လီရောင်းချတာမျိုးကို ရပ်ဆိုင်းထားပြီး ပေပါတွေနဲ့လာရောက်ဝယ်ယူကြ သူတွေကိုသာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျွန်မတို့က ၂ ရပ်ကွက်မှာနေတာ။ ဒါဆို မအူပင်ကလူတွေ ဘယ်ဆိုင်ကိုပြောတာလဲသိတယ်။ ရိတ်သိမ်းခြွေလှေ့စက်တွေငှားတဲ့သူတွေက ပေပါတွေနဲ့လာဝယ်ကြတာ ရောင်းတယ်နော်။ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ တနိုင်လေးတွေ စက်ထဲထည့်သုံးဖို့ လာဝယ်ကြသူတွေကိုကျ မရောင်းဘူး။ မအူပင်မှာက စက်လှေတွေ မော်တော်တွေလည်းရှိတယ် အဲ့မှာသုံးဖို့ကို ဘူးနဲ့ပဲ ဝယ်နေကြကို ခုဝယ်လို့မရဘူး ” လို့ မအူပင် ၂ ရပ်ကွက်မှာနေတဲ့ ဒေသခံ တဦးက ဆိုပါတယ်။

🔹 မြောင်းမြမြို့

“ မြို့ပေါ်မှာတော့ မနက်ပိုင်းတွေဆီသွားတန်းရင်ရတယ်။ ဒါပေမယ့် မနက်ပိုင်းပဲ။ ပြီးရင်ဆီကုန်ပြီဆိုပြီး ပိတ်လိုက်ရော။ ဒါပေမယ့် ညဘက်ဆိုရင်ကျ ဒိန်းဒေါင်းတွေနဲ့ ဆီတွေလာတင်ကြတာ မနည်းဘူး။ အဲ့ဆီတွေက မှောင်ခိုသွားရောင်းမယ်ထင်တာ အခုကျ ငပုတောဘက်ခြမ်းက ရွာတွေဘက်မှာ ဝယ်မရတော့ဘူး ” လို့ မြောင်းမြမြို့မှာနေထိုင်တဲ့ စပါး၊ပဲ ကုန်သည်တဦးက ဆိုပါတယ်။

သူက အလုပ်ကိစ္စအတွက် မြောင်းမြမြို့နယ်ထဲက ဇီးဖြူကုန်းနဲ့ စာဖြူကုန်းဆိုတဲ့ ရွာတွေကို သွားရောက်ရာမှာ ကြုံခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြနေတာဖြစ်ပါတယ်။

“ ဒါက ကျွန်တော်ကြုံခဲ့ရတဲ့ ရွာတွေပဲရှိသေးတာ။ နဂိုကတည်းက ဆီဆိုင်တွေနဲ့ အလှမ်းဝေးတဲ့ ရွာတွေမှာ ဆီက တကယ်ပြတ်နေပြီ။ ခုချိန်မှာ ဆီပြတ်တယ်ဆိုတာက သွားလာရေးအတွက်တင် ခက်ခဲမှာ မဟုတ်ဘူး။ ရိတ်သိမ်းခြွေလှေ့ရေးတွေပါ ခက်ခဲကုန်မှာ ” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ မြောင်းမြမြို့ပေါ်က လိုင်စင်ရ ဆီဆိုင်တွေဟာ နံနက်ခင်း ၃ နာရီဝန်းကျင်သာ ဖွင့်လှစ်ပြီး ဆကလက်ရောင်းချပေးခြင်း မရှိတော့ပဲ ရပ်ကွက်အတွင်းက မှောင်ခိုဆိုင်တွေမှာတော့ ၁ လီတာကို ငွေကျပ် ၄၀၀၀ ဝန်းကျင်နဲ့ရောင်းချနေတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။