
ဆီဈေးဂယက်ကြောင့် ရေကြောင်းခရီးသည်တင် သင်္ဘောခတွေပါ အဆမတန် တက်လာဖို့ ရှိနေတယ်ဆိုပြီး ဒေသခံတွေကြားမှာ သတင်းတွေထွက်နေပါတယ်။
၆၊ မတ်။
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမှာ စက်သုံးဆီဆိုင်တွေ အကုန်နီးပါး ပိတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ စက်သုံးဆီဝယ်ယူရေး အခက်တွေ့နေရပါတယ်။
“တလီတာကို ငါးထောင်(ကျပ်)နဲ့လည်း ဝယ်ရသေးတယ်။ ပြီးတော့ သူတို့ဖွင့်ချင်ဖွင့်၊ ပိတ်ချင်ပိတ်ကို စောင့်ပြီး ဝယ်ရတာပါ။ အခုတော့ တော်တော်များများပိတ်ထားတယ်။ ဆီဝယ်မရတော့ဘူး။ တာဝန်ရှိသူတွေလည်း မြေပြင်ကို လာကြည့်စေချင်ပါတယ်”လို့ ခမောက်မော် ဒေသခံတဦးက ပြောပါတယ်။

စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ပုသိမ်မြို့အတွက် 92 Ron ကို ၂,၆၀၀ကျပ်၊ 95 Ron ကို ၂,၆၇၀ ကျပ်နဲ့ HSD အမျိုးအစားတွေကို ၂,၆၈၀ ကျပ်ကနေ ၂,၉၇၅ ကျပ်အထိ ရည်ညွှန်းလက်လီဈေးနှုန်းများ ထုတ်ပြန်ထားပေမဲ့ မြေပြင်အခြေအနေကတော့ အဆိုပါ စျေးနှုန်းသတ်မှတ်ချက်တွေနဲ့ လားလားမှ မသက်ဆိုင်ဘဲ ဖြစ်နေတာပါ။
“စီးပွားရေးသမားတွေ အတွက်က ရက်ဆက်တယ်၊ မဆက်တယ် ဆိုတာမရှိပါဘူး။ ရရင်ရသလို လုပ်နေကြမှာပါပဲ”လို့ ခမောက်မော် ဒေသခံက လက်ရှိ အခြေအနေကို ဆက်ပြောပြပါတယ်။
တဘက်မှာလည်း ဆီဈေးဂယက်ကြောင့် ရေကြောင်းခရီးသည်တင် သင်္ဘောခတွေပါ အဆမတန် တက်လာဖို့ ရှိနေတယ်ဆိုပြီး ဒေသခံတွေကြားမှာ သတင်းတွေထွက်နေပါတယ်။

“ပုသိမ်-ဟိုင်းကြီးကျွန်းနဲ့ ပုသိမ်-ပြင်ခရိုင် ခရီးစဉ်တွေမှာ ပုံမှန်အားဖြင့် လက်မှတ်တစောင်ကို တသောင်းကျပ်နှုန်းရှိတာပါ။ အခုက သောင်းနှစ်ထောင်။ တယောက်အိပ်စင်ဈေး ၁၅,၀၀၀ ကျပ်ဝန်းကျင်၊ နှစ်ယောက်ခန်းဈေး ၃၅,၀၀၀ ကျပ်ကနေ၄၅,၀၀၀ ကျပ်ဝန်းကျင်အထိ တိုးမြှင့်ကောက်ခံတော့မယ်လို့ ကြားနေရတာပါ။ မော်တင်ဘုရားပွဲပြီးကတည်းက လက်မှတ်စျေးက ကျကိုမကျတော့ဘူး”လို့ ပုသိမ်မြို့ခံတဦးကလည်း ရှင်းပြပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေဟာ ဆီဈေးမတည်ငြိမ်မှုကြောင့်လို့ ဆိုပေမဲ့ မြေပြင်မှာတော့ ဆီဆိုင်တွေ ပိတ်ထားပြီးဆီလှောင်ကာ ဈေးတင်ရောင်းနေတဲ့ လုပ်ရပ်တွေက ဒေသခံပြည်သူတွေအတွက် ပိုပြီး အခက်တွေ့နေကြတာလို့ ဒေသခံတွေက ပြောကြပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခအခြေအနေကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီတင်သွင်းမှု လမ်းကြောင်းတွေအတွက် အကျပ်အတည်းဖြစ်နေပေမဲ့ မြန်မာနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်းစစ်တပ်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့က ထုတ်ပြန်အသိပေးထားပါတယ်။