
“နီးစပ်ရာဆိုင်တွေက နည်းနည်းစီ ဝယ်လို့ရပေမယ့် ရေက ဆက်တိုက်တင်နေရတော့ အဆင်မပြေဘူး၊ စျေးကို လည်း သိပ်အများကြီးမတက်အောင် သက်ဆိုင်တဲ့လူတွေ လုပ်ပေးစေချင်ပါတယ်”
၆၊ မတ်။
ဆောင်းသီးနှံ အဓိကစိုက်ပျိုးကြတဲ့ ဧရာ၀တီတိုင်း မြန်အောင်၊ ဇလွန်မြို့နယ်တို့မှာ ဓါတ်ဆီတလီတာကို ကျပ်လေး ထောင်နီးပါးထိ စျေးတက်နေပြီး ဝယ်ရခက်တဲ့အတွက် ဒေသခံတောင်သူတွေမှာ စိုက်ခင်း ရေမတင်ရတာ၊ ထွန် ယက်၊ ရိတ်သိမ်းဖို့ ဆီမရှိတာ စတဲ့အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။
အရင်က ဓါတ်ဆီတလီတာကို ကျပ် ၂၈၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် ဒီရက်ပိုင်းမှာ တဟုန်ထိုးထိုးတက်ခဲ့ကာ တလီ တာကို လေးထောင်နီးပါးထိ တက်သွားတယ်လို့ ဆိုပါတယ်။
“ဒီဘက်မှာဆိုရင် ဝယ်လို့တောင်မှ မရသေးဘူး။ (ဇလွန်)မြို့မှာဆိုရင်တေ့ာ တဂါလံကို တသောင်းလေးထောင်လို့ ပြောတယ်။ အခုက ငရုတ်တို့ ပြောင်းတို့က ရေတင်နေရသေးတာတွေ ရှိတော့ ဆီမရလို့ ရေမတင်ရတဲ့အခင်းတွေ လည်း ရှိတာပေ့ါ” လို့ ဇလွန်မြို့နယ် ရွှေဟင်္သာကျွန်းကျေးရွာမှ တောင်သူတဦးက ပြောပါတယ်။
ဇလွန်မြို့နယ်မှာ ငရုတ်၊ ပြောင်းစိုက်တောင်သူတွေ အများအပြားရှိပြီး ရေတင်ပေးဖို့အချိန်အများကြီးလိုနေသေး တာကြောင့် တောင်သူတွေအတွက် စက်သုံးဆီတွေ ရောင်းပေးဖို့လိုတယ်လို့ ဒေသခံတောင်သူတွေက တောင်းဆို ကြပါတယ်။
“နီးစပ်ရာဆိုင်တွေက နည်းနည်းစီ ဝယ်လို့ရပေမယ့် ရေက ဆက်တိုက်တင်နေရတော့ အဆင်မပြေဘူး၊ စျေးကို လည်း သိပ်အများကြီးမတက်အောင် သက်ဆိုင်တဲ့လူတွေ လုပ်ပေးစေချင်ပါတယ်” လို့ ဇလွန်မြို့နယ် ရွှေဟင်္သာ ကျွန်းရွာမှ နောက်ထပ်တောင်သူတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထွန်ယက်ခ၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစတဲ့ စိုက်ပျိုးရေး သွင်းအားစုတွေ စျေးတက်နေခဲ့တာကြောင့် တောင်သူတွေမှာ အမြတ်ရဖို့တောင် ခက်ခဲနေချိန် အခုလိုစက်သုံးဆီ စျေးတွေ တက်လာတော့ ပိုပြီးအခက်ကြုံကြရတာပါ။
မြန်အောင်မြို့နယ်မှာလည်း ဓါတ်ဆီတလီတာကို ကျပ် ၃၅၀၀ ဝန်းကျင်ထိ ရှိနေပြီး တခါဝယ်ရင် ငါးထောင်ဖိုးပဲ ဝယ်လို့ရတယ်လို့ ဆိုပါတယ်။
လာမယ့် ဧပြီလကုန်ပိုင်းကျရင် မိုးစပါးအတွက် ထွန်ယက်တာတွေ စလုပ်ကြရတော့မှာ ဖြစ်တာကြောင့် စက်သုံးဆီ စျေးတွေ ဒီအတိုင်း ဆက်တက်နေရင် လယ်သမားတွေမှာ လယ်လုပ်ဖို့ပင် မလွယ်နိုင်တော့ဘူးလို့ ပြောကြပါတယ်။
“အခုစျေးနဲ့တောင် ဒီလောက်အဆင်မပြေဖြစ်နေကြတာ။ ဒီအတိုင်း စျေးမကျဘဲ ထပ်တက်နေရင်တော့ မလွယ်ဘူး ။ အရှုံးပေါ် အရှုံးထပ်မှာပဲ” လို့ မြန်အောင်မြို့နယ် မကျည်းကုန်းကျေးရွာမှ ဒေသခံလယ်သမားတဦးက ပြောပါ တယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဓါတ်ဆီတလီတာကို ကျပ်သုံးထောင်ဝန်းကျင်နဲ့ ဝယ်ပြီး လယ်ထွန်ခဲ့ရကာ ဓါတ်မြေဩဇာ တွေ စျေးတက်တာကြောင့် အရှုံးပေါ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဧရာ၀တီတိုင်းမြို့တော် ပုသိမ်မှာတော့ ဓါတ်ဆီတလီတာကို ကျပ် ၂၆၀၀ သာရှိနေပြီး နယ်မြို့နယ်တွေမှာ စျေးတင် ရောင်းနေကြတာဖြစ်ပါတယ်။ စစ်ကော်မရှင်သတ်မှတ်ထားတဲ့ စျေးနှုန်းဟာလည်း တလီတာကို ၂၆၀၀ သာဖြစ်ပါ တယ်။
မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ ရက် ၄၀ စာရှိလို့ ဆီပြတ်လပ်စရာမရှိကြောင်း စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြောထားပေမဲ့ လက်တွေ့နဲ့ ကွာခြားမှုတွေ ရှိနေတယ်လို့ အွန်လိုင်းမှာ သုံးသပ်မှုတွေ ရှိနေပါတယ်။