မြောင်းမြမှာ စက်သုံးဆီဈေးတက်ပြီး လိုအပ်သလောက် ဝယ်မရဖြစ်နေ

“ ကျွန်တော်တို့ ငါးကန်မှာရေလှယ်ဖို့ ရေမောင်းဖို့ ဆီဝယ်တာ တခါစာတောင် မလောက်ဘူး။ အပူချိန်မြင့်လာတာမို့ ရေမလှယ်ပေးနိုင်ရင် ငါးတွေက သေကုန်မှာ။ တလီတာ ၃၀၀၀ နဲ့တောင်မှ လောက်လောက်ငှငှမရဘူး ”

၀၆၊ မတ်လ။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ စက်သုံးဆီ တလီတာကို ငွေကျပ် ၃၀၀၀ ဝန်းကျင်ထိဈေးပေါက်နေပြီး လိုသလောက်ဝယ်လို့မရဖြစ်နေတာကြောင့် တပိုင်တနိုင် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေကြသူတွေ အခက်တွေ့နေကြပါတယ်။

“ တနေ့ကတည်းကစဖြစ်တာ ဒီနေ့တော့ ၃၀၀၀ ဖြစ်သွားပြီ။ လိုချင်သလောက်လည်း မရဘူး။ မှောင်ခိုဆိုင်တွေ ကိုက လိုသလောက်မရောင်းပေးတော့တာ။ ဒါကျွန်တော်တို့ မြို့စွန်ရပ်ကွက်တွေပဲရှိ သေးတယ်နော် ရွာတွေဆိုရင်ဒီထက်များနိုင်တယ် ” လို့ မြောင်းမြမြို့ပေါ်မှာနေထိုင်ပြီး ရိတ်သိမ်းခြွေလှေ့စက် အငှားလိုက်သူ ကိုစိုးမြင့်က DNA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကတည်းက စစ်ကောင်စီကတိုက်ရိုက်ရောင်းချတဲ့ ဆီဆိုင်တွေမှာ ဆီတန်းစီသူတွေများခဲ့ပြီး  မတ်လ ၄ ရက်နေ့နံနက်မှာတော့ ဆီရောင်းချဖို့ မရှိတော့လို့ဆိုပြီး ဆိုင်မဖွင့်ခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက ဖွင့်ထားတဲ့ ဆီဆိုင်တွေမှာ တလီတာကို ၂၄၉၀ နဲ့ရောင်းချပေးနေပြီး ရပ်ကွက်ထဲက မှောင်ခိုဆိုင်လေးတွေမှာတော့ တလီတာကို ၂၈၀၀၊ ၂၉၀၀၊ ၃၀၀၀ ထိဈေးအမျိုးမျိုး ရှိနေပါတယ်။ ကျေးရွာတွေဘက်မှာတော့ ၃၂၀၀ ထိဈေးပေါက်တဲ့ နေရာတွေရှိတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

“ ဒီကနေ့တော့ မနက်ကခဏဖွင့်တယ် သူတို့ကတော့ ၂၄၉၀ နဲ့ပဲရောင်းတယ်။ တနေ့ကတည်းက(မတ်လ ၃ ရက်) ဆိုင်ကယ်တစီး ငါးထောင် ကားတစီး တစ်သောင်းခွဲဖိုးပဲရမယ်ဆိုပြီး ကန့်သတ်ပြီးရောင်းနေတာတောင် ၁၀ နာရီလောက်ကျ ကုန်သွားပြီတဲ့ ” လို့ ကိုယ်ပိုင်ကားနဲ့ ဆီသွားဖြည့်ခဲ့သူ တဦးက ဆိုပါတယ်။

မတ်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့ ညဘက်တွေမှာ ဒီဆီဆိုင်တွေကနေ ဒိန်းဒေါင်းတွေနဲ့ ဆီပေပါလိုက် လာရောက်သယ်ယူမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် DNA ကတော့ အတည်ပြုနေဆဲသာဖြစ်ပါတယ်။

“ ကျွန်တော်တို့ ငါးကန်မှာရေလှယ်ဖို့ ရေမောင်းဖို့ ဆီဝယ်တာ တခါစာတောင် မလောက်ဘူး။ အပူချိန်မြင့်လာတာမို့ ရေမလှယ်ပေးနိုင်ရင် ငါးတွေက သေကုန်မှာ။ တလီတာ ၃၀၀၀ နဲ့တောင်မှ လောက်လောက်ငှငှမရဘူး ” လို့ မြောင်းမြမြို့နယ်ထဲမှာ ငါးမွေးမြူရေး လုပ်ကိုင်တဲ့ ကိုနိုင်အောင်က ပြောပါတယ်။

တပိုင်တနိုင် အလုပ်လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေအတွက် ဆီဝယ်ယူရခက်ခဲနေပေမယ့် ငါးကန်ကြီးတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ကြီးကြီးမားမား လုပ်ကိုင်နေကြသူတွေကတော့ ဆီအတွက်ပူစရာမလိုပဲ လုပ်ကိုင်နေနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ မြောင်းမြမြို့က စပါး၊ပဲ ကုန်သည်တဦးက စိုက်ပျိုး၊ မွေးမြူ‌ရေး လုပ်ငန်းရှင်ကြီးတွေကို ယခင်ကတည်းက စက်သုံးဆီကို ခွဲတမ်းနဲ့ ပေးထားတာဖြစ်တာကြောင့် အဆင်ပြေနေတာဖြစ်ကြောင်းနဲ့ ဒီလုပ်ငန်းရှင်တွေဟာ ခရိုနီတွေသာဖြစ်ကြတယ်လို့ ဆိုပါတယ်။

သူက “ လုပ်ငန်းရှင်ကြီးတွေက ခရိုနီတွေချည်းပဲသူတို့နဲ့တော့ ယှဉ်လို့မရဘူးပေါ့။ ဒါပေမယ့် အခုဖြစ်နေတာကို တကယ်ထိန်းမယ်ဆိုရင် ထိန်းလို့ရပါတယ်။ မြောင်းမြဆိုတာ နယ်မြို့လေးပဲ။ ဆီပြတ်ရလောက်တဲ့အထိ ဖြစ်ရလောက်တဲ့ အခြေအနေမှ မဟုတ်တာ။ တမင်ကို မထိန်းပဲထားထားလို့ ဒီလိုဖြစ်လာတာ ” လို့ မှတ်ချက်ပြုပါတယ်။

ဆီမှောင်ခိုရောင်းချတာတွေဟာ ယခင်ကတည်းကရှိခဲ့ပြီး ယခုအချိန်မှာလည်း ဒေသခံတွေက ကြိုတင်စုဆောင်း သိုလှောင်ကြလို့ ဆီပြတ်ရတာမျိုး မဟုတ်ပဲ မှောင်ခိုသမားတွေကို အဓိကထားရောင်းပေးသလို ဖြစ်နေတာကြောင့် ဆီအလွယ်တကူဝယ်မရတာတွေ ဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

မြောင်းမြမြို့မှာ စပါး၊ ပဲ၊ ပြောင်းနဲ့ ကိုင်းစိုက်ပျိုးမှုတွေကို စက်ပစ္စည်းအသုံးပြုပြီး စိုက်ပျိုးတာ၊ ရိတ်သိမ်း ခြွေလှေ့တာတွေ လုပ်ကြပြီး ငါး၊ ကြက်စတဲ့ မွေးမြူရေး လုပ်ငန်းအတွက်လည်း စက်ပစ္စည်းတွေကို အဓိကထား အသုံးပြုနေကြရတာပါ။

ဒီလိုမျိုးဆက်ဖြစ်နေရင် စက်ပစ္စည်းတွေကို အသုံးပြုပြီး စိုက်ပျိုး၊ မွေးမြူရေး လုပ်ဆောင်နေကြတဲ့ လုပ်ငန်းအသေးစား၊ အလတ်စားတွေအတွက် လုပ်ငန်းရပ်လိုက်ရတဲ့အထိ ဖြစ်လာနိုင်တယ်လို့ ကုန်သည်တွေက မှတ်ချက်ပြုထားကြပါတယ်။