ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အီရန်ကို EU နဲ့ပင်လယ်ကွေ့နိုင်ငံတွေ တိုက်တွန်း

“ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ GCC နိုင်ငံတွေအပေါ် အီရန်ရဲ့ အကြောင်းပြချက်မရှိတဲ့ တိုက်ခိုက်မှုတွေကို ဝန်ကြီးတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး အဲဒီတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့ အီရန်ကို တောင်းဆိုတယ်”လို့အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၆၊ မတ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းမှာ အီရန်ကလုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ မတ်လ ၅ ရက်က ပြုလုပ်တဲ့ အရေးပေါ်ဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂ (EU) နဲ့ပင်လယ်ကွေ့ဝန်ကြီးတွေက တောင်းဆိုလိုက်ပြီး ဒါဟာ ကမ္ဘာ့လုံခြုံရေးကို စိုးရိမ်စရာဖြစ်စေတယ်လို့ သတိပေးလိုက်ပါတယ်။

ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ ကူဝိတ်နဲ့ အိုမန်နိုင်ငံတို့ ပါဝင်တဲ့ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံတွေအပေါ် အီရန်ကတိုက်ခိုက်မှုတွေ မြင့်တက်လာတာကြောင့် နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဗီဒီယိုကနေတဆင့် အစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်။

“ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ GCC နိုင်ငံတွေအပေါ် အီရန်ရဲ့ အကြောင်းပြချက်မရှိတဲ့ တိုက်ခိုက်မှုတွေကို ဝန်ကြီးတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး အဲဒီတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့ အီရန်ကို တောင်းဆိုတယ်”လို့အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီရန်ရဲ့ ခွဲခြားမှုမရှိတဲ့ တိုက်ခိုက်မှုတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် GCC နိုင်ငံတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုအပ်တဲ့အစီအမံအားလုံးကို လုပ်ဆောင်ပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း သူတို့က အတည်ပြုခဲ့ကြပါတယ်။

အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေဟာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ မြို့ပြတွေနဲ့ အခြေခံအဆောက်အအုံတွေကို ထိမှန်ခဲ့တာကြောင့် တီဟီရန်နဲ့ ဆက်ဆံရေး ပျက်ပြားသွားပြီးအိမ်နီးချင်းနိုင်ငံတွေကြား ပိုမိုပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဆီ ဦးတည်သွားနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။

ဒါပေမဲ့ အဆိုပါ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် “တွေ့ဆုံဆွေးနွေးရေးနဲ့ သံတမန်ရေးရာ နည်းလမ်း” ကိုပဲ အခိုင်အမာ ဆက်လက်ကျင့်သုံးသွားမယ်လို့ EU နဲ့ ပင်လယ်ကွေ့ဝန်ကြီးတွေက ပူးတွဲအတည်ပြုခဲ့ကြပါတယ်။

အီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်အောင် တားဆီးဖို့နဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေ ထုတ်လုပ်ဖြန့်ဖြူးနေတာတွေကို ရပ်တန့်ဖို့အတွက် ရေရှည်တည်တံ့တဲ့အဖြေတခုရအောင် ပူးပေါင်းသံတမန်ရေးရာ ကြိုးပမ်းမှုတွေ လုပ်ဆောင်သွားမယ်လို့ သူတို့က ကတိပြုခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ EU နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကာဂျာ ကာလတ်စ်က ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်အောင် EU ဘက်က ကူညီဖို့ ကြိုးစားနေတယ်လို့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။ဒါပေမဲ့ ဆက်စပ်ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်မှုကတော့ အကန့်အသတ်ရှိနိုင်တယ်လို့သတိပေးခဲ့ပါတယ်။

ယူကရိန်းမှာရော၊ အခု အရှေ့အလယ်ပိုင်းမှာပါ လိုအပ်ချက်တွေ မြင့်မားနေတာကြောင့် ဒရုန်းဖျက်လက်နက်တွေ ထုတ်လုပ်မှုဟာ လိုအပ်ချက်ကို လိုက်မမီနိုင်တဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ကာဂျာ ကာလတ်စ်က ဆွေးနွေးပွဲမတိုင်ခင်မှာ သတိပေးခဲ့ပါတယ်။

“လူတိုင်းက လေကြောင်းရန်ကာကွယ်ရေးကို လိုအပ်နေကြတာဆိုတော့ ထုတ်လုပ်မှုပိုင်းမှာတကယ်ပဲ အခက်အခဲရှိနေတယ်” လို့ သူက ဘရပ်ဆဲလ်က သတင်းထောက်တွေကို ပြောခဲ့ပြီး ဥရောပအနေနဲ့ ထုတ်လုပ်မှုတွေကို အရှိန်မြှင့်ဖို့ လိုအပ်တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

“လုပ်ဆောင်နိုင်စွမ်းတွေက အကန့်အသတ်ရှိနေမှာကို ကျွန်မ စိုးရိမ်တယ်” လို့လည်း သူကဆိုပါတယ်။

Ref – AFP