
“အမောင်းကြမ်းကြတယ်။ တစီးက ရန်ကုန်ဘက်ကိုသွားတဲ့ကား ကုန်စိမ်းတင်လာတဲ့ကုန်ကား။ နောက်တစီးက အိုးဝေ(သုံးဘီး)၊ နှစ်စီးလုံး ပျက်သွားတယ်။ ကုန်ကားကတော့ ခေါင်းပိုင်းပျက်တယ်။ သေတာက အိုးဝေမှာပါ လာတဲ့ သူတွေ၊ ကုန်ကားကလူကတော့ ဒဏ်ရာပဲရတယ်”
၄၊ မတ်။
မနေ့က မတ်လ ၃ ရက်နေ့ မနက်အစောပိုင်း တနာရီ ဝန်းကျင်မှာ ဇလွန်ပြည်တော်ပြန်ဘုရားပွဲကနေ ဟင်္သာတသို့ ပြန်လာတဲ့ အိုးဝေနဲ့ ဟင်္သာတကနေ ရန်ကုန်ဘက်သွားတဲ့ ကုန် စိမ်းကားတို့ တိုက်မိပြီး ဘုရားပွဲပြန်လာသူ သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
“သုံးယောက်သေပါတယ်။ ပွဲချင်းပြီးသေတာပါ။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာမပြင်းထန်ပါဘူး” လို့ ဇလွန်ဒေ သခံ မျက်မြင်တဦးက ပြောပါတယ်။ ဟင်္သာတ – ဇလွန်ကားလမ်းမပေါ်ရှိ ဟင်္သာတမြို့နယ် နင်းကြမ်းကျေးရွာအနီး မိုင်တိုင်အမှတ် (၃/၃) နဲ့ (၃/၄)တို့ အကြားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။
“အမောင်းကြမ်းကြတယ်။ တစီးက ရန်ကုန်ဘက်ကိုသွားတဲ့ကား ကုန်စိမ်းတင်လာတဲ့ကုန်ကား။ နောက်တစီးက အိုးဝေ(သုံးဘီး)၊ နှစ်စီးလုံး ပျက်သွားတယ်။ ကုန်ကားကတော့ ခေါင်းပိုင်းပျက်တယ်။ သေတာက အိုးဝေမှာပါ လာတဲ့ သူတွေ၊ ကုန်ကားကလူကတော့ ဒဏ်ရာပဲရတယ်” လို့ ဇလွန်မြို့နယ်မှ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
ဘုရားပွဲအပြန် အိုးဝေပေါ်မှာ လူခြောက်ဦးပါလာပြီး အဲဒီထဲက သုံးဦး သေဆုံး၊ သုံးဦး ဒဏ်ရာရကာ ကုန်ကားပေါ် ပါ လာသူတဦးကတော့ ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ အခုအခါ ထိခိုက်ဒဏ်ရာရသူတွေဟာ ဟင်္သာတပြည်သူ့ ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ ပြောပါတယ်။
“အကုန်လုံးက သုံးဆယ်ဝန်းကျင်တွေပါ၊ နှစ်ဆယ်ကျော်တယောက်ပါတယ်။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရဘူး။ အကုန်လုံး ဟင်္သာတကလူတွေပဲ” လို့ ဟင်္သာတမြို့မှာ နေထိုင်တဲ့လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
အခု ယာဉ်တိုက်မှုဖြစ်ကာ လူသေဆုံးမှုရှိခဲ့တဲ့ ဟင်္သာတ – ရန်ကုန်ကားလမ်းမကြီးဟာ ယာဉ်အသွားအလာများတဲ့ လမ်းတခုဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုံမှန်ပြုပြင်၊ မွမ်းမံမှုတွေ မရှိတော့တာကြောင့် လမ်းပိုင်းအ ချို့ ပျက်စီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒ့ါကြောင့် အဲဒီလမ်းပိုင်းကို ပြုပြင်ပေးဖို့ လိုအပ်သလို အခုလို လူအသွားအလာပိုများတဲ့ ဘုရားပွဲကာလတွေမှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ထိန်းရဲတွေ ချထားဆောင်ရွက်သင့်တယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။
“နဂိုကပဲ အသွားအလာများတဲ့လမ်းဖြစ်တယ်။ အခုပွဲကာလဆိုတော့ ပိုများတာပေ့ါ။ လမ်းမှာ အစောင့်အကြပ် တွေ ထားဖို့လိုတယ်။ အရှိန်လွန်မမောင်းဖို့၊ သောက်ထားရင်မမောင်းဖို့ လိုက်ထိန်းပေးဖို့လိုပါတယ်။ နောက်နှစ် တွေ အဲဒီလို လုပ်သင့်တယ်” လို့ ဟင်္သာတမြို့မှ လူငယ်တဦးက ပြောပါတယ်။
ဇလွန်ပြည်တော်ပြန်ဘုရားပွဲကို ပြီးခဲ့တဲ့ တပေါင်းလဆန်း ၉ ရက်နေ့ကနေ စတင်ကျင်းပခဲ့တာဖြစ်ပြီး တပေါင်းလ ပြည့်ကျော် ၂ ရက်၊ ဒီနေ့ထိ ကျင်းပမှာဖြစ်ပါတယ်။ နှစ်စဉ်ပုံမှန်ကျင်းပတဲ့ အဲဒီဘုရားပွဲတော်ကို ဇလွန်ဒေသခံ တွေအပြင် ဟင်္သာတ၊ ညောင်တုန်းစတဲ့ အနီးပတ်လည်မြို့နယ်တွေမှ ဒေသခံတွေလည်း အများအပြား လာရောက် ကြကာ အလွန်စည်းကားတဲ့ ဘုရားပွဲတော်တခုဖြစ်ပါတယ်။