
ဧရာ၀တီတိုင်းအတွင်းရှိ လူငယ်တွေထဲက ၉၂ ရာခိုင်နှုန်းကျော်ဟာ စစ်မှုထမ်းဥပဒေကြောင့် သူတို့ရဲ့ အလုပ်အကိုင် နဲ့ ပညာရေးအပေါ် သက်ရောက်မှုရှိနေတယ်လို့ ကရင်လူငယ်သုတေသနအဖွဲ့က ဒေသခံ ၁၁၉ ဦးကို မေးမြန်း စစ် တမ်းကောက်၊ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ပြောထားကြပါတယ်။
၃၊ မတ်။
ပုသိမ်မြို့ပေါ် ရပ်ကွက်အချို့မှာ အရင်က စစ်မှုထမ်းကြေးအဖြစ် တလကို ငါးသောင်းဝန်းကျင်ပဲ ကောက်နေခဲ့ရာ ကနေ အခုအခါ တသိန်းကနေ တသိန်းခွဲထိ တိုးကောက်လာပြီး ဘွဲ့ရလူငယ်ပညာတတ်တွေကိုလည်း စာရင်း ကောက်ယူထားကာ ခရီးသွားခွင့် တားမြစ်တာမျိုးတွေ လုပ်နေပါတယ်။
ပုသိမ်မြို့ အမှတ်(၁၂)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဦးဆိုသူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ လူတဦးအ တွက် တလမှာ တသိန်းခွဲထိ စစ်မှုထမ်းကြေးတိုးကောက်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အရင်က တလမှာ ငါးသောင်း၊ ခြောက်သောင်းပဲ ကောက်တယ်။ အခုတသိန်းကောက်တယ်။ တချို့ သူနဲ့မတည့်တဲ့ သူတွေဆိုရင် တသိန်းခွဲလောက်ထိ ပေးကြရတယ်။ အလုပ်မရှိတဲ့ဘွဲ့ရလူငယ်တွေကိုလည်း ဘယ်မှ မသွားဖို့တား ထားတယ်။ စာရင်းတွေလည်း ပေးထားကြရတယ်” လို့ ပုသိမ်မြို့မှာ နေထိုင်တဲ့ တက္ကသိုလ်ကျောင်းသားတဦးဖြစ် တဲ့ ကိုအောင်(အမည်လွှဲ)က ပြောပါတယ်။
စစ်ကော်မရှင်လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ဟာ ပုသိမ်မြို့ပေါ်ရပ်ကွက်အားလုံးမှာ နေထိုင်တဲ့ ဘွဲ့ရပြီးသားလူ ငယ်တွေကို စာရင်းကောက်ယူထားတာဖြစ်ပြီး နယ်ဝေးခရီးထွက်ခွင့်မရကြဘူးလို့ ပြောကြပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကနေ အဲဒီလို လူငယ်တွေကို စာရင်းကောက်ခံထားတာဖြစ်ပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်အထက် ပညာတတ်လူငယ်တွေကို ဦးစားပေးကောက်ယူနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုအောင်ဟာလည်း ပြီးခဲ့တဲ့လက တလအတွက် စစ်မှုထမ်းကြေး တသိန်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
“ကုန်တင်ကျန်ချ အလုပ်သမားတွေ၊ ကယ်ရီသမားတွေလိုမျိုး တကယ့်ပင်ပန်းတဲ့ သူတွေလည်း အပြည့်ပေးရတယ်။ မပေးရင် စစ်မှုထမ်းပါမလား ကြောက်ရတယ်။ အခြေအနေတွေ တော်တော်ဆိုးနေပါတယ်။ မြို့မှာ နေဖို့တောင် မကောင်းတော့ဘူး” လို့ ပုသိမ်မြို့ခံ နောက်ထပ် သက်လတ်ပိုင်းအမျိုးသမီးတဦးက ပြောပါတယ်။
ပုသိမ်မြို့ပေါ်အပြင် နယ်ကျေးရွာတွေမှာလည်း အဲဒီလိုပဲ စစ်မှုထမ်းကြေးကို တိုးကောက်တာတွေ ရှိနေပြီး တလ ကျပ်တသိန်းကျော်ထိ ပေးနေကြရတယ်လို့ ပြောကြပါတယ်။ ပုသိမ်မြို့နယ် ရေမနေပင်ကိုင်းအုပ်စုမှာဆိုရင်လည်း စစ်မှုထမ်းကြေးအဖြစ် တလမှာ တသိန်းခွဲစီ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနဲ့ ရာအိမ်မှူးချစ်ကိုကိုတို့က ဦးဆောင် ကောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ရေမနေကိုင်းကျေးရွာအုပ်စုမှာ ခရာငူ၊ ရေကျော်၀၊ တလိုင်းကျောင်းကုန်း၊ ဆယ်ပင်ကြီး၊ ဆယ်ပင်လေး၊ ကြက်ပေါင်၊ မကျီးကုန်း၊ ဘုရာချောင်းစတဲ့ ကျေးရွာတွေအပါအ၀င် ရွာပေါင်း ဆယ်ရွာဝန်းကျင်ရှိနေပြီး အိမ်ထောင်စု တထောင်ကျော် ရှိနေတဲ့ ကျေးရွာအုပ်စုကြီး ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက စစ်မှုထမ်းဥပဒေကို ပြဌာန်း၊ ပြည်သူတွေကို အတင်းအ ကြပ် စစ်သင်တန်းပေး ရှေ့တန်းပို့နေကာ အခုအခါဆိုရင် အပတ်စဉ် ၂၂ ထိရှိခဲ့ပြီ ဖြစ်ပြီး အပတ်စဉ်တခုမှာ စစ်သား ငါးထောင်နှုန်းနဲ့ တွက်ရင် စစ်မှုထမ်းလိုက်သွားရသူ တသိန်းတသောင်းထိ ရှိခဲ့ပြီဖြစ်ပါတယ်။
ပုသိမ်အပြင် အခြားသော ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာလည်း အခုရက်ပိုင်းကနေစပြီး အဲဒီလို လူငယ်ပညာတတ်တွေကို စာရင်းလိုက်ကောက်တာတွေ ရှိနေခဲ့ပါတယ်။
ပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းပါတဲ့သူတွေဟာ နှစ်နှစ်ကနေ ငါးနှစ်အထိ စစ်မှုထမ်းကြရမှာ ဖြစ်ပေ မယ့် ဘွဲ့ရပညာ တတ်တွေကတော့ သုံးနှစ်ကနေ ငါးနှစ်အထိ စစ်မှုထမ်းကြရမှာဖြစ်ပါတယ်။
ဒါ့အပြင် အသက်အပိုင်းအခြားဟာလည်း ဘွဲ့ရပညာတတ်တွေဟာ အမျိုးသားဆိုရင် ၄၅ အထိနဲ့ အမျိုးသမီးဆို ရင် ၃၅ နှစ်ထိ စစ်မှုထမ်းရဖို့ အကျုံးဝင်နေပါတယ်။
တောင်သူလယ်သမား အများစုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေဟာ သွင်းအားစု စျေးကြီးတာ၊ စပါးစျေးကောင်း မရတာတွေကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန် အခုလိုမျိုး စစ်မှုထမ်းစရိတ်ပါ လစဉ်ပေးနေကြရတာကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
အချို့လူငယ်တွေဆိုရင် စစ်မှုမထမ်းချင်တာကြောင့် ထိုင်းအပါအဝင် နိုင်ငံရပ်ခြားကို ပွဲစားတွေ ကတဆင့် ထွက် သွားကြရပြီး လမ်းခုလပ်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ ဒီချုပ်ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နိုင်ငံကို အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး နယ်မြေ၊ စစ်သားအင်အား များစွာ ဆုံးရှုံးထားရပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမျိုး သားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်ထိ စစ်မှုထမ်းရမယ်လို့ပါရှိတဲ့ စစ်မှုထမ်း ဥပဒေကို ပြဌာန်းခဲ့ပါတယ်။
အဲဒီနောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်း ကျောင်းသားအရွယ် ဆယ်ကျော်သက် လူငယ် တွေကို အတင်းအဓမ္မဖမ်းဆီး၊ ပေါ်တာဆွဲကာ စစ်သင်တန်းပေး ရှေ့တန်းပို့ကာ အသေခံ တိုက်ခိုင်းတာတွေ ရှိနေ တယ်လို့ ကိုယ်တိုင်စစ်မှုထမ်းပါသွားပြီး ထွက်ပြေးလွတ်မြောက် လာခဲ့ကြသူတွေက သူတို့ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြထားကြပါတယ်။
ဧရာ၀တီတိုင်းအတွင်းရှိ လူငယ်တွေထဲက ၉၂ ရာခိုင်နှုန်းကျော်ဟာ စစ်မှုထမ်းဥပဒေကြောင့် သူတို့ရဲ့ အလုပ်အကိုင် နဲ့ ပညာရေးအပေါ် သက်ရောက်မှုရှိနေတယ်လို့ ကရင်လူငယ်သုတေသနအဖွဲ့က ဒေသခံ ၁၁၉ ဦးကို မေးမြန်း စစ် တမ်းကောက်၊ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ပြောထားကြပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာ၊ ပြောင်းရွှေ့ရသူ ၆၈ ရာခိုင်နှုန်း၊ အဓမ္မလူသစ်စုဆောင်းခြင်းနဲ့ ငွေ ကြေး အမြတ်ထုတ်ခံရမှု ကြုံရသူ ၄၄ ရာခိုင်နှုန်းရှိတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်မှုထမ်း လစဉ်ကြေးအနေနဲ့လည်း တလမှာ တသိန်းအထက် ပေးရသူ ၁၀ ရာခိုင်နှုန်းကျော်၊ ငါးသောင်းကနေ တသိန်းထိ ပေးရသူ ၃၆ ရာခိုင်နှုန်းကျော်နဲ့ ငါးသောင်းအောက်ပေးရသူ ၅၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။