
အဆိုပါ ရန်ပုံငွေဆိုင်ရာ သဘောတူညီချက်ကို ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
၃ ၊ မတ်လ
တာ့ခ် ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေ အားကောင်းစေဖို့ ဂျပန်နိုင်ငံက ယန်း ၄၅၃ သန်း (ဘတ် ၉၀.၁ သန်းခန့်) လှူဒါန်းသွားမယ်လို့ ကတိပြုခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။
တာ့ခ် ခရိုင်အတွင်း မြန်မာဒုက္ခသည်အရေအတွက် တိုးမြင့်လာတာကြောင့် ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာနေတာပါ။
အဆိုပါ ရန်ပုံငွေဆိုင်ရာ သဘောတူညီချက်ကို ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရန်ပုံငွေတွေကို “တာ့ခ်ခရိုင်ရှိ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာလာသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ အားကောင်းစေရေးစီမံကိန်း” လို့ အမည်ပေးထားတဲ့ လုပ်ငန်းစဉ်အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စီမံခန့်ခွဲမယ့် အဆိုပါရန်ပုံငွေတွေကို ကျန်းမာရေးဌာနတွေနဲ့ မိလ္လာစနစ် အဆင့်မြှင့်တင်ရေး ၊ မရှိမဖြစ်လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ပံ့ပိုးရေးနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် လေ့ကျင့်ရေးစင်တာတစ်ခု တည်ထောင်ဖို့ အသုံးပြုသွားမှာပါ။
မြန်မာရွှေ့ပြောင်းနေထိုင်သူတွေနဲ့ နေရပ်စွန့်ခွါလာသူတွေအတွက် ယာယီခိုလှုံရာစခန်း သုံးခုကိုလည်း အဓိက လုပ်ဆောင်သွားမှာ ဖြစ်သလို
လူထုအခြေပြုဆေးရုံတွေရဲ့ ဝန်ဆောင်မှုများကိုလည်း မြှင့်တင်ပေးသွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိုတာကာ မာဆာတို က ဒီစီမံကိန်းဟာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးလိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးဖို့ ရည်ရွယ်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှစလို့ ထိုင်းနိုင်ငံကို ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားအရေအတွက် တိုးလာတာကြောင့် တာ့ခ်ခရိုင်အတွင်း ပြင်ပလူနာနဲ့ အတွင်းလူနာ ကုသမှုခံယူတွေ အဍ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ဒါကြောင့် နယ်စပ်တစ်လျှောက်ရှိ ကျန်းမာရေးဌာနတွေမှာ ဝန်ထုပ်ဝန်ပိုးဖြစ်လာရတဲ့ အကြောင်းမှာ ဒေသခံထိုင်းနိုင်ငံသား ၂ သိန်းကျော်အပြင် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွါလာသူနဲ့ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းနေထိုင်သူ ၆ သောင်းကျော်ကိုပါ ဝန်ဆောင်မှုပေးနေရတာကြောင့်ဖြစ်တယ်လို့ မစ္စတာ အိုတာကာက ဆိုပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုယ်စားလှယ် ဒေါက်တာ အိုင်လန် လီ (Dr Ailan Li) က အခြေခံအဆောက်အအုံတွေ မြှင့်တင်ရေးနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ ရရှိဖို့အတွက် အစိုးရအနေနဲ့ ဒေသတွင်းသက်ဆိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အကြံပြုခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဆိုဖွန် အီယန်သီရိသဝမ် (Sopon Iamsirithaworn) က
“ဂျပန်နိုင်ငံကနေ အခုလို ပံ့ပိုးပေးမှုဟာ လူထုအခြေပြုဆေးရုံတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးတာကြောင့် ယာယီဖြေရှင်းတဲ့အဆင့်ထက် ပိုမိုကျော်လွန်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Ref – Bangkok Post