
“ရှေ့လက တပတ်လောက် ငါးဖမ်းခွင့်ပိတ်တယ်။ ရက်တွေတော့ မမှတ်မိတော့ဘူး။ ဒီနှစ်က ပိုက်သမားတွေ လွတ်လွတ်လပ်လပ်မဖမ်းကြရဘူး။ ငါးစိမ်းစျေးလည်း တက်တယ်”
၂၊ မတ်။
ဧရာ၀တီတိုင်းအတွင်းမှာ ရေတပ်က ပင်လယ်ပြင်ငါးထွက်ဖမ်းခွင့် ကန့်သတ်ထားတာကြောင့် ငါး ခြောက် အထွက်ကျပြီး စျေးလည်း အနည်းငယ် တက်လာခဲ့ပါတယ်။
“တပိဿာက သုံး၊ လေးထောင် စျေးတက်သွားတယ်။ ငါးတွေ အရနည်းကြလို့ တက်တာ။ ငါးထွက်ဖမ်းတဲ့သူ တွေက ကမ်းဝေးတွေ သိပ်မထွက်ကြရဘူး ပြောတယ်။ တပ်က တားလို့တဲ့။ စျေးကွက်ထဲမှာလည်း ငါးခြောက် လည်း နည်းသွားတာ။ အဲဒါကြောင့် စျေးတက်တာပါ” လို့ ပုသိမ်မြို့မှ ငါးခြောက်အရောင်းအဝယ်လုပ်နေတဲ့အ မျိုးသမီးတဦးက ပြောပါတယ်။
ပုသိမ်၊ ဖျာပုံ၊ ငပုတောစတဲ့မြို့နယ်တွေအတွင်း ပင်လယ်ပြင်မှာ စစ်တပ်က ပင်လယ်ပြင် ငါးထွက်ဖမ်းတဲ့ သူတွေကို စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာ၊ စစ်ရေယာဉ်တွေ ရှိနေတာ စတဲ့အကြောင်းပြချက်တွေနဲ့ ငါးထွက် ဖမ်းခွင့် ပိတ်တာတွေ ရှိသလို ကမ်းဝေးထွက်ခွင့်၊ ရက်ရှည် ငါးဖမ်းထွက်ခွင့်တွေလည်း ကန့်သတ်ထား တယ်လို့ သိရပါတယ်။
“ရှေ့လက တပတ်လောက် ငါးဖမ်းခွင့်ပိတ်တယ်။ ရက်တွေတော့ မမှတ်မိတော့ဘူး။ ဒီနှစ်က ပိုက်သမားတွေ လွတ်လွတ်လပ်လပ်မဖမ်းကြရဘူး။ ငါးစိမ်းစျေးလည်း တက်တယ်” လို့ ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေမှာနေ ထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ရေတပ်ဟာ ပင်လယ်ပြင် ငါးဖမ်းသူတွေကနေ စက်သုံးဆီတောင်းတာ၊ ငွေတောင်းတာ၊ ငါး တောင်းတာတွေလည်း ရှိနေတာကြောင့် ဒေသခံငါးဖမ်းသမားတွေမှာ အကုန်အကျ များနေကြရတယ်လို့လည်း ငါးဖမ်းသမားတွေက ပြောကြပါတယ်။
ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းဒေသခံတဦးက “ဒီဘက်တွေကတော့ ခဏခဏ အပိတ်ခံရတယ်။ သူတို့ စစ်ရေး လေ့ကျင့်ဖို့ရှိတယ် ဘာညာဆိုပြီး ပိတ်ပြီ။ ငါးဖမ်းတဲ့သူတွေမှာ ငါးမဖမ်းရတော့ ဘာလုပ်စားရမလဲ၊ ဒုက္ခရောက် တာပေ့ါ” လို့ ပြောပါတယ်။
လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း ငနီတူခြောက်တပိဿာကို ကျပ်သုံးသောင်းဝန်းကျင်၊ ငါးခင်းပါးခြောက်တ ပိဿာ ကို ၄၂၀၀၀ ဝန်းကျင်၊ ငါးနီတူ( ခေါင်းချိုးပြီးသား)တပိဿာကို လေးသောင်းခွဲဝန်းကျင်၊ ငါးဂုံးခြောက်တပိ ဿာကို ၄၂၀၀၀ ဝန်းကျင်စျေးရှိနေတယ်လို့ သိရပါတယ်။
ငါး ပုဇွန်ဖမ်းတဲ့ လုပ်ငန်းက လရာသီ ပင်လယ်ရေ အတက်အကျ စတာတွေ နဲ့ အချိန်ကိုက်ပြီး လုပ်ကြ ရတာဖြစ် ပါတယ်။ လုပ်ငန်းလွဲချော်ပါက ငါး ၊ပုဇွန် ဖမ်းဆီးရရှိမှု နည်းသွားတယ်လို့ ရေလုပ်ငန်း လုပ် ကိုင်သူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ငါးခြောက်၊ ပုဇွန်ခြောက် လုပ်ငန်းကို ကမ်းနီးကမ်းဝေး ငါးဖမ်းစတင်ချိန်နဲ့ အင်း၊အိုင် ဖေါ်ချိန် စက်တင်ဘာ လဆန်းကစတင်ပြီး ဧပြီလကုန် မေလလယ်လောက်အထိ လုပ်ကိုင်ကြပါတယ်။
ငါးခြောက် နဲ့ ပုဇွန်ခြောက် ရောင်းဝယ်ရေး အဓိကဈေးကွက် ဖြစ်တဲ့ ပုသိမ် ၊ဖျာပုံ၊ ဟိုင်းကြီးကျွန်း ဈေး ကွက်က ကုန်စည်တွေကို ဧရာဝတီတိုင်း အတွင်းမှာရောင်းချကြတဲ့ အပြင် ရန်ကုန် ဈေး ကွက်နဲ့ အထက် မြန်မာပြည် ဈေးကွက်ကိုလည်း တင်ပို့ရောင်းချကြပါတယ်။