ညဘက်တိုက်ခိုက်ဖို့ စီစဉ်ထားတာကို နေ့ဘက်တိုက်ခိုက်မှုအဖြစ် ပြောင်းလဲခဲ့တယ်လို့ သတင်းဌာနရဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
၂၊ မတ်။
အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ဟာ အာယတိုလာ အလီခါမေနီနဲ့ တခြားအီရန်အဆင့်မြင့်ခေါင်းဆောင်တွေကို လပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီး အစ္စရေးနဲ့ ထောက်လှမ်းရေးသတင်းတွေ ဖလှယ်ခဲ့ပါတယ်။
အဆိုပါ သတင်းတွေက အီရန်ခေါင်းဆောင်ကို သေဆုံးစေခဲ့သလို အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုအတွက် အချိန်ကိုက်ဖြစ်အောင် ကူညီပေးခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ခါမေနီကို သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုတွေ မလုပ်ခင် လပေါင်းများစွာကတည်းက CIA ဟာ အီရန်ထိပ်တန်းခေါင်းဆောင်ပိုင်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။
“ဒီတပတ်ပိတ်ရက်မှာလုပ်ခဲ့တဲ့ အမေရိကန်-အစ္စရေး တိုက်ခိုက်မှုတွေမတိုင်ခင် လပေါင်းများစွာကတည်းက အလီခါမေနီအပါအဝင် အီရန်ထိပ်တန်းခေါင်းဆောင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို CIA က ခြေရာခံခဲ့တာပါ” လို့ အဆိုပါ စစ်ဆင်ရေးအကြောင်း သိရှိသူတဦးက AP သတင်းဌာနကို ပြောပါတယ်။
အမေရိကန်အေဂျင်စီတွေ စုဆောင်းထားတဲ့ ထောက်လှမ်းရေးသတင်းတွေကို အစ္စရေးအရာရှိတွေနဲ့ မျှဝေခဲ့ပြီး ညှိနှိုင်းဗုံးကြဲတိုက်ခိုက်မယ့် အချိန်ကို သတ်မှတ်နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ဆင်ရေးမတိုင်ခင် အမေရိကန်ထောက်လှမ်းရေးရဲ့ ကြိုးပမ်းမှုတွေအကြောင်းကို New York Times ကလည်း စောစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
CNN ရဲ့ ဖော်ပြချက်အရ အမေရိကန်နဲ့ အစ္စရေး ထောက်လှမ်းရေးအရာရှိတွေဟာ ခါမေနီရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ “ဘယ်မှာနေတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘယ်လိုဆက်သွယ်တယ်၊ တိုက်ခိုက်ခံရရင် ဘယ်ကိုတိမ်းရှောင်နိုင်တယ်” ဆိုတာတွေကို အနီးကပ် လေ့လာခဲ့ကြပါတယ်။
ဒါ့အပြင် အသက် ၈၆ နှစ်အရွယ် ဘာသာရေးခေါင်းဆောင်နဲ့အတူ တနေရာတည်းမှာ တစုတစည်းတည်း ရှိခဲတဲ့ တခြားအဆင့်မြင့်နိုင်ငံရေးနဲ့ စစ်ဘက်ခေါင်းဆောင်တွေကိုလည်း ခြေရာခံနေခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခွင့်အရေးဟာ ဒီတပတ်ပိတ်ရက်မှာပေါ်ပေါက်လာခဲ့ပါတယ်။
ခါမေနီအပါအဝင် အီရန်ထိပ်တန်းအရာရှိတွေဟာ စနေနေ့မနက်ပိုင်းမှာ တီဟီရန်မြို့က အဓိပတိရုံး၊ သမ္မတရုံးနဲ့ အမျိုးသားလုံခြုံရေးဌာနတွေရှိရာ ဝင်းအတွင်းက နေရာအသီးသီးမှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တယ်လို့ CNN က ဖော်ပြပါတယ်။
ခါမေနီဟာ နေ့ဘက်အချိန်တွေမှာ တိုက်ခိုက်ခံရနိုင်ခြေ နည်းတယ်လို့ ယူဆထားပုံရကြောင်း အစ္စရေးသတင်းရင်းမြစ်တခုကပြောပါတယ်။
ဒါဟာ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကောင်းတခုဖြစ်တယ်လို့ အမေရိကန်နဲ့ အစ္စရေးအရာရှိတချို့က ယုံကြည်ခဲ့ကြကြောင်းCNN က ဆိုပါတယ်။
ညဘက်တိုက်ခိုက်ဖို့ စီစဉ်ထားတာကို နေ့ဘက်တိုက်ခိုက်မှုအဖြစ် ပြောင်းလဲခဲ့တယ်လို့ သတင်းဌာနရဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
အစ္စရေးစံတော်ချိန် မနက် ၆ နာရီဝန်းကျင်မှာ တိုက်လေယာဉ်တွေဟာ အဆိုပါ ဝင်းအတွင်းကို တိကျသေချာတဲ့ လက်နက်တွေနဲ့စတင်ပစ်ခတ်ခဲ့ပြီး ဒါဟာ အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေးရဲ့ အစပျိုးမှု ဖြစ်လာခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ အစ္စရေးစစ်ဘက်အရာရှိတဦးက AP ကို ပြောကြားရာမှာ လေကြောင်းတိုက်ခိုက်မှုဟာ နေရာ သုံးခုကို စက္ကန့်၆၀ အတွင်း တပြိုင်နက်ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အီရန်ခေါင်းဆောင်နဲ့အတူ တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲအပါအဝင် အဆင့်မြင့်အရာရှိ ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နေ့ခင်းဘက် တိုက်ခိုက်တာဟာ ရန်သူကို အငိုက်မိစေခဲ့တယ်လို့လည်း သူက ပြောပါတယ်။
စစ်ဆင်ရေးမှာ ခေါင်းဆောင်ပိုင်းကို စတင်တိုက်ခိုက်ဖို့ အစ္စရေးနဲ့ အမေရိကန်တို့ သဘောတူခဲ့ကြတယ်လို့ အဆိုပါအရာရှိက ပြောပါတယ်။
မဟုတ်ရင် တိုက်ခိုက်မှုတွေ စတာနဲ့ ခေါင်းဆောင်တွေဟာ ချက်ချင်း လူစုခွဲပြီး ပုန်းအောင်းသွားနိုင်လို့ ဖြစ်ပါတယ်။
“ကျွန်တော်တို့မှာ အခွင့်အရေးကောင်း၊ သတင်းအချက်အလက်ကောင်းနဲ့ ကောင်းမွန်တဲ့ အကောင်အထည်ဖော်မှုတွေ ရှိခဲ့တယ်” လို့ သူက ဆိုပါတယ်။
နာရီအနည်းငယ်အကြာမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခါမေနီ သေဆုံးကြောင်း ကြေညာခဲ့ပြီး အီရန်ခေါင်းဆောင်ဟာ “ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးနဲ့ အလွန်ခေတ်မီတဲ့ ခြေရာခံစနစ်တွေကနေ မရှောင်လွှဲနိုင်ခဲ့ဘူး” လို့ ရေးသားခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခဟာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ဗုံးကြဲမှုတွေ စတင်ကတည်းက လူပေါင်း၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အီရန်အာဏာပိုင်တွေက ပြောပါတယ်။
အီရန်ကလည်း အစ္စရေးနိုင်ငံနဲ့ အမေရိကန်တပ်ဖွဲ့တွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
ပဋိပက္ခအတွင်း ပထမဆုံးအကြိမ် အမေရိကန်ဘက်က ထိခိုက်သေဆုံးမှုအဖြစ် အမေရိကန်စစ်သည် သုံးဦး သေဆုံးပြီး ငါးဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်စစ်ဘက်က အတည်ပြုခဲ့ပါတယ်။
၁၉၈၉ ခုနှစ်ကတည်းက အီရန်ရဲ့ အဓိပပတိခေါင်းဆောင်ဖြစ်ခဲ့တဲ့ ခါမေနီဟာ စစ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်တွေမှာအမြင့်ဆုံးအာဏာကို ဆုပ်ကိုင်ထားသူ ဖြစ်ပါတယ်။
သူ့ရဲ့သေဆုံးမှုဟာ အာဏာလေဟာနယ် ဖြစ်သွားစေပြီး အခုမှ မတည်မငြိမ်ဖြစ်နေတဲ့ ဒီဒေသကို ပိုပြီးတော့ ဆိုးရွားသွားစေနိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက သတိပေးထားပါတယ်။
ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းဒေသတခွင် လေကြောင်းခရီးစဉ်တွေ ပြတ်တောက်သွားသလို၊ ကမ္ဘာ့ရေနံရောင်းဝယ်မှုရဲ့ငါးပုံတပုံခန့် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေမြင့်တက်လာနေပါတယ်။
Ref -AP