၂၀၂၀ ထက် ကျဉ်းမြောင်းသွားတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ မြေပုံ
၂၈ ဖေဖော်ဝါရီ ၂၀၂၆
(FactCeck-DNA)
အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အာဏာသိမ်းမှုကို နိုင်ငံရေးအရ ပြန်လည်ခဝါချပြီး တရားဝင်မှု အရေခြုံနိုင်ဖို့အတွက် ၂၀၂၅ ဒီဇင်ဘာလကနေ ၂၀၂၆ ဇန်နဝါရီလအထိ အပိုင်း ၃ ပိုင်းခွဲပြီး ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။
ရွေးကောက်ပွဲကို မြန်မာတနိုင်ငံလုံးက မြို့နယ်ပေါင်း ၂၆၃ မြို့နယ်မှာ ကျင်းပနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဆိုထားပေမဲ့လည်း လက်တွေ့မြေပြင်မှာတော့ တိုက်ပွဲတွေ၊ လေကြောင်းဗုံးကြဲမှုတွေနဲ့ အဓမ္မခြိမ်းခြောက်မှုတွေကြားမှာ ဟန်ပြလုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်တပ်အနေနဲ့ လူထုရဲ့ ၅၄ ရာခိုင်နှုန်းကျော် မဲလာပေးခဲ့တယ်လို့ ဝါဒဖြန့် ပြောဆိုနေပေမဲ့လည်း အမှန်တကယ်မှာတော့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက်ဟာ သိသိသာသာ ပိုမိုများပြားလာခဲ့တာကို အချက်အလက်တွေအရ တွေ့ရပါတယ်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေထဲက ၅၄ ဒဿမ ၂၂ရာခိုင်နှုန်းရှိခဲ့တယ်လို့ စစ်တပ်ပြလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့သတင်း >>> https://archive.ph/wip/QC4fn
၂၀၂၀ ရွေးကောက်ပွဲတုန်းက မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှာ ကျင်းပနိုင်ခဲ့ပေမဲ့ အခုအခါမှာတော့ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေထိန်းချုပ်မှုကြောင့် မြို့နယ်ပေါင်း ၂၆၃ ခုမှာသာ ကန့်သတ်ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ စစ်တပ်အနေနဲ့ တိုင်းပြည်ရဲ့ နေရာတော်တော်များများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ မြို့ပြတချို့မှာပဲ အာဏာသက်ရောက်မှု ရှိတော့တယ်ဆိုတာကို မီးမောင်းထိုးပြနေတာပါ။
ရွေးကောက်ပွဲ ကျင်းပတဲ့ မြို့နယ်အများစုမှာလည်း စစ်တပ်က တမြို့နယ်လုံးကို လွှမ်းခြုံနိုင်တာမျိုး မရှိပါဘူး။
လုံခြုံရေး တင်းကျပ်ထားတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွင်းမှာပဲ မဲပုံးထောင်နိုင်ခဲ့တာပါ။
အထူးသဖြင့် ပဲခူး၊ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းက မြို့နယ်တွေမှာ ရွေးကောက်ပွဲနေ့မှာတောင် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး မဲမပေးတဲ့ ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာမျိုးတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲပထမပိုင်းမှာ စစ်တပ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ DVB သတင်းဌာနက ဖော်ပြထားတဲ့ သတင်း>>> https://shorturl.at/IXraF
ကချင်ပြည်နယ်က မံစီနဲ့ မိုးမောက်မြို့နယ်လို နေရာတွေမှာတော့ စစ်ရေးအခြေအနေကြောင့် ရွေးကောက်ပွဲကို နောက်ဆုံးအချိန်မှ ပယ်ဖျက်လိုက်ရတဲ့အထိ နယ်မြေစိုးမိုးမှု ကင်းမဲ့နေခဲ့ပါတယ်။
KIA ထိန်းချုပ်နယ်မြေ မံစီနဲ့ မိုးမောက်မှာ ရွေးကောက်ပွဲပျက်သွားခဲ့တယ်လို့ RFA ကဖော်ပြထားတဲ့သတင်းလင့် >>> https://shorturl.at/r7Q2c
ဒီအချက်က စစ်တပ်က တိုင်းပြည်ရဲ့ နေရာတော်တော်များများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ မြို့ပြတချို့မှာသာ အာဏာသက်ရောက်မှုရှိတာကို သက်သေပြနေတာပါ။
စစ်ကောင်စီဟာ ဒီရွေးကောက်ပွဲကတဆင့် နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင်မှုကို ရယူဖို့နဲ့ “အာဏာသိမ်းအစိုးရ” အဖြစ်ကနေ “တရားဝင်အစိုးရ” အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ခဲ့တာပါ။
သူတို့ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ လူငယ်တွေ မဲပေးမှုများတယ်လို့ ပြောနေပေမဲ့ မြေပြင်မှာတော့ မဲပေးသူ အလွန်နည်းပါးနေတာကြောင့် ရန်ကုန်လို မြို့ကြီးတွေမှာတောင် တိုက်ခန်းတွေအထိ လိုက်လံနှိုးဆော်ခဲ့ရသလို၊ မဲမပေးရင် ထောင်ချမယ်၊ စစ်မှုထမ်းခိုင်းမယ်၊ တက္ကသိုလ်ကျောင်း ဝင်ခွင့်အတွက် မဲပေးထားတဲ့အထောက်အထားရှိမှ ရမယ်၊ ခရီးသွားထောက်ခံချက် ပိတ်ပင်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို သုံးခဲ့ရတာပါ။
အတုအယောင်ရွေးကောက်ပွဲမှာ မဲအများဆုံးပေးခဲ့သူတွေဟာ လူငယ်တွေဖြစ်တယ်ဆိုတဲ့ဝါဒဖြန့်သတင်း >>> https://archive.ph/wip/uR0mi
ဒီလို ခြိမ်းခြောက်မှုတွေကြားက ရလာတဲ့ မဲရလဒ်တွေကို ကြည့်ရင်လည်း စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်နေရာ ၈၁ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီး စစ်တပ်ကိုယ်စားလှယ်တွေရဲ့ မဲမပါဘဲ တပါတီတည်း အစိုးရဖွဲ့နိုင်တဲ့ အခြေအနေကို ဖန်တီးခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီက အမတ်နေရာ ၈၁ ရာခိုင်နှုန်းကို အနိုင်ရရှိထားတယ်ဆိုတာကို DVB သတင်းဌာနက ဖော်ပြထားတဲ့သတင်းလင့် >>> https://shorturl.at/Iwz2U
ဒီအောင်ပွဲရဲ့ နောက်ကွယ်မှာ “ကြိုတင်မဲ” တွေကလည်း အဆုံးအဖြတ်ပေးတဲ့ လက်နက်တခု ဖြစ်ခဲ့ပါတယ်။
မဲရုံကို လာပေးသူ မရှိသလောက်ဖြစ်နေတဲ့ စစ်တပ်တပ်ရင်းရှိရာ မြို့နယ်တွေမှာ ကြိုတင်မဲတွေ ထောင်နဲ့ချီ ရှိနေခဲ့ပြီး အဲဒီမဲတွေ အားလုံးဟာ ကြံ့ခိုင်ရေးပါတီဆီပဲ ရောက်သွားခဲ့တာပါ။
ဥပမာအားဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တိုင်းရင်းသားပါတီက နိုင်နေပေမဲ့ ကြိုတင်မဲ ၂,၀၀၀ ကျော်ကြောင့် ကြံ့ခိုင်ရေးပါတီက အနိုင်ရလဒ် ပြောင်းလဲသွားခဲ့တာမျိုးတွေ ဖြစ်ပါတယ်။
ကြိုတင်မဲနဲ့ပတ်သက်ပြီး BBC သတင်းဌာနကဖော်ပြထားတဲ့သတင်း >>> https://shorturl.at/XmSE3
ခြုံငုံကြည့်ရင်တော့ ဒီမသမာမှုတွေနဲ့ နည်းလမ်းပေါင်းစုံ သုံးပြီး ရယူထားတဲ့ ရလဒ်တွေဟာ စစ်တပ်က စိတ်ကြိုက်ဖန်တီးထားတဲ့ ဇာတ်ညွှန်းတခုသာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ အရှက်တကွဲဖြစ်ခဲ့ရတယ်ဆိုတာမျိုးထိ လိမ်လည်ပြီးဝါဒဖြန့်ခဲ့သလို စစ်တပ်က လုပ်ပေးတဲ့ အတုအယောင်ရွေးကောက်ပွဲက ပိုပြီး ကောင်းတယ် ဆိုတာမျိုးကို ပုံဖော်ခဲ့ပါတယ်။
ဒါပေမဲ့ အချက်အလက်စာရင်းတွေအရ ၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေနဲ့အတူ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်ခဲ့တယ်ဆိုတာကိုတော့ ငြင်းမရသလို အတုအယောင်ရွေးကောက်ပွဲဟာလည်း ရွေးကောက်ပွဲတွေသမိုင်းတလျှောက်မှာ မဲဆန္ဒနယ်အနည်းဆုံး ပြုလုပ်ခဲ့ရတဲ့ ရွေးကောက်ပွဲအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။
စစ်တပ်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာအရေအတွက်စံချိန်တင်ခဲ့တယ်လို့ RFA ကဖော်ပြထားတဲ့သတင်းလင့် >>> https://shorturl.at/aVnO0
လာမဲ့ မတ်လမှာ လွှတ်တော်ခေါ်ယူပြီး ဧပြီလမှာ အစိုးရဖွဲ့ဖို့ ပြင်နေကြပေမဲ့လည်း ပြည်သူလူထုရဲ့ ငြင်းပယ်မှုနဲ့ နယ်မြေစိုးမိုးမှု ကင်းမဲ့နေတဲ့ အရှိတရားတွေကြောင့် ဒီရွေးကောက်ပွဲဟာ ကမ္ဘာ့အလယ်မှာ တရားဝင်မှုမရှိတဲ့ အတုအယောင် လုပ်ရပ်တခုအဖြစ်သာ သမိုင်းတွင်ကျန်ရစ်မှာ ဖြစ်ပါတယ်။
#DNAFactCheck #DNA #MFCN #FactCheck #Sham_Election #အတုအယောင်ရွေးကောက်ပွဲ #အာဏာသိမ်းစစ်တပ်