
“လေးမျက်နှာ တံတားက ဗိုလ်ဆိုတဲ့အကောင်တွေ ကျွန်တော်တို့ တို့ရွာက နေခိုးတဲ့ပဲတွေကို အိုင်သပြုနားက ဇီးကုန်းရွာမှာ ထားတယ်”
၂၈၊ဖေဖေါ်ဝါရီ။
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းမှာ ၂၀၂၅ နှစ်ကုန်ပိုင်းက စပြီး စစ်အင်အား ဖြည့်တင်း ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ စစ်ရေးမှာ အသာရနေပြီး လှော်ကထား၊သဲနုကုန်း၊စိန်တောင်၊စောပြာ စတဲ့ကျေးရွာတွေကို ပြန်လည်သိမ်းပိုက်ထားနိုင်သလို တဖက်မှာလည်း ချင်းကုန်းအုပ်စုထဲက ကျေးရွာတွေမှာ အိမ်တွေက ပစ္စည်းတွေကို ပြည်သူ့စစ်တွေက ဦးဆောင်ပြီး ခိုးယူသယ်ထုတ်ကာ အိမ်တွေကို မီးရှို့နေပါတယ်။
“လုပ်ရက်တယ်ဗျာ ။ ပစ္စည်းတွေ ခိုးရင်လည်းခိုးပါ အိမ်လေးကျန်ရင် တော်တာပေါ့၊ အခုတော့ အိမ်ပြန်ရောက်ရင် ဆိုတဲ့ မျှော်လင့်ချက်တောင် မရှိတော့ဘူး”လို့ ညောင်ခြေထောက် ကျေးရွာက မီးရှို့ခံလိုက်ရတဲ့ အိမ်ရှင်တဦးက ပြောပါတယ်။
ချင်းကုန်း ကျေးရွာအုပ်စုထဲမှာ ကညင်ကုန်း၊ ချင်းကုန်း၊ ရှမ်းကွင်း ၊ ပန်းတင်၊ ရေဖြူ ၊ ညောာင်ခြေထောက် ၊ စိန်ဘောင် ၊ ကျားကိုက် ၊ ငါးပုတ်ကွင်း ၊ ဈေးကုန်း စတဲ့ ကျေးရွာတွေ ပါဝင်ပြီး ဒီလ ဖေဖေါ်ဝါရီ ၂၂ ရက်မှာ ညောင်ခြေထောက် နဲ့ ရေဖြူကျေးရွာက အိမ်တချို့ကို ပြည်သူ့စစ်တွေက ဦးဆောင်ပြီး ပစ္စည်းယူ ၊ အိမ်တွေမီးရှို့ သွားခဲ့တာ ဖြစ်ပါတယ်။
လက်တလောမှာ ငသိုင်းချောင်း အနီး အမတ ၃၄၄ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ရှိနေပေမယ့် လေးမျက်နှာထဲက နေရာတချို့ကို လက်လွှတ်ထားရတယ်လို့လည်း အာရက္ခတပ်တော်နဲ့ နီးစပ်တဲ့ စစ်ရေး သတင်းရင်းမြစ်တဦးက အတည်ပြုပါတယ်။
“အဲဒီဘက်ကို ကိုယ့်ဘက်က လက်လွှတ်ထားရတာတော့ ရှိတယ်။ အဲဒီတဝိုက် ချင်းကုန်းတို့ ဘာတို့နားက ရွာတွေမှာ ဒီကောင်တွေ သောင်းကျန်းနေကြတာ။ ရွာထဲမှာ လူတွေက လည်း မရှိတော့ဘူးလေ။ ခွေးတွေ၊ ပြည်သူ့စစ်တွေက ကျန်ခဲ့တာတွေ ဝင်ခိုးတယ်။ အိမ်တွေ ဖျက်ယူတာတွေ ရှိတယ်။ ဒီကောင်တွေ ဖျက်လို့ ရွာပျက်တွေလို ဖြစ်နေကြပြီ” လို့ ပြောပါတယ်။
မူလက ညောင်ခြေထောက်ရွာမှာ အိမ်ခြေပေါင်း ၆၇ လုံးရှိခဲ့ပေမယ့် လက်ရှိရထားတဲ့ စာရင်းတွေအရ အိမ် ၁၈ လုံးသာ ကျန်ခဲ့ပြီး ကျန်အိမ်တွေမှာတော့ မီးလောင်သွားခဲ့ပြီလို့ ရွာခံတဦးက ပြောပါတယ်။၂၀၁၅ ခုနှစ် ဇွန်လက စပြီး ရွာကို လက်နက်ကြီးကျလို့ အိမ်တွေ၊ပစ္စည်းတွေကို စွန်ခွာခဲ့ကြပြီး စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ဒီနှစ်ဆန်းပိုင်း ပြန်လည်ထိုးဖေါက်လာနိုင်ချိန်မှာ ပစ္စည်းတွေကို သယ်ထုတ်ပြီး ရောင်းစားခဲ့ကြတယ်လို့ ပြောပါတယ်။
“လေးမျက်နှာ တံတားက ဗိုလ်ဆိုတဲ့အကောင်တွေ ကျွန်တော်တို့ တို့ရွာက နေခိုးတဲ့ပဲတွေကို အိုင်သပြုနားက ဇီးကုန်းရွာမှာ ထားတယ်”လို့ အဲဒီ ရွာခံက ပြောပါတယ်။

စစ်တပ်နဲ့ ဒေသခံ ပြည်သူ့စစ်တွေဟာ ချင်းကုန်း အုပ်စုထဲမှာ ရှိတဲ့ လူမရှိတဲ့ အိမ်တွေက ပစ္စည်းတွေကို ရေဖြူ၊ဆီဆုံကုန်း ကနေတဆင့် လေးမျက်နှာမြို့ကို သယ်ပြီး ရောင်းစားကြတယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်ကနေ မွန်းလွဲချိန်အထိ လေးမျက်နှာမြို့နယ် ငဝန်မြစ် အနောက်ဘက်ခြမ်း ဒေသမှာ ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ပြတ်တောက်နေပြီး အမတ ၃၄၄ က လှမ်းပစ်တဲ့ အမြှောက်သံတွေ ကြားနေရတယ်လို့ လေးမျက်နှာမြို့ခံတဦးက ပြောပါတယ်။