အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်

အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေအပေါ် အားမရဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီး နာရီပိုင်းအကြာမှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

၂၈၊ ဖေဖော်ဝါရီ။

အစ္စရေးက ဒီကနေ့ မနက်ပိုင်းမှာ အီရန်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့တာလို့ အမေရိကန်နဲ့ အစ္စရေး မီဒီယာတွေက ဖော်ပြကြပါတယ်။

တီဟီရန်မြို့လယ်ခေါင်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး အီရန်ရဲ့ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ ရုံးခန်းအနီးနားမှာလည်း တိုက်ခိုက်ခံရမှုတွေ ရှိပုံရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေအပေါ် အားမရဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီး နာရီပိုင်းအကြာမှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

အမေရိကန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ လေယာဉ်တင်သင်္ဘော အုပ်စုနှစ်စု အပါအဝင် အင်အားကြီးမားတဲ့ စစ်ရေးအင်အားကို အဆိုပါ ဒေသတွင်းမှာ တိုးမြှင့်ချထားခဲ့ပါတယ်။

အစ္စရေးနိုင်ငံအပေါ် ကျရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့အတွက် အီရန်ကို ဦးအောင် ကြိုတင်တိုက်ခိုက်မှု လုပ်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အီရန်ဘက်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပြန်လည်တိုက်ခိုက်လာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစ္စရေးဟာ လေကြောင်းပိုင်နက်ကို ပိတ်လိုက်သလို နိုင်ငံတော်အရေးပေါ်အခြေအနေကိုလည်း ကြေညာထားပါတယ်။

 

Ref – the guardian