ဇလွန်​ပြည်တော်ပြန်ဘုရား မြင်းပွဲ အတိုင်ခံရပြီး ပွဲပျက်

မြို့နယ်အုပ်ချုပ်ရေးမှူးကို သိန်း ၂၀ ၊ ဒုအုပ်ချုပ်ရေးမှူးကို ဦးရန်လင်းကို ၁၀ သိန်း ၊ ရဲတပ်ဖွဲ့မှူးကို ၁၀ သိန်း ၊ နယ်ထိန်းကျော်ကျော်ကို ၅ သိန်း ၊ ညောင်ပင်ဈေး ၄ လမ်းမှာနေတဲ့ စရဖ သတင်းပေး ဂျစ်တူးကို ၁၀ သိန်း ၊ ဘုရားဂေါပက ကို ၁၀ သိန်း ၊ ဘုရားပွဲကွင်းချုပ်လေလံရသူ ဓနုဖြူမြို့က ဦးမြင့်ထွန်းကို ၁၀ သိန်း ၊ ဇလွန်ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးချိုမြင့်ခိုင်ကို ၁၀ သိန်းပေးပြီး ခွင့်ပြုချက် ယူခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

၂၈၊ဖေဖေါ်ဝါရီ

ဧရာဝတီတိုင်း၊ဇလွန်မြို့မှာရှိတဲ့ ပြည်တော်ပြန်ဘုရားပွဲတော်ကာလ အတွင်းမှာ လောင်းကြေးနဲ့ ကစားကြတဲ့ မြင်းပြိုင်ပွဲကို မနေ့က ရဲဝင်ဖမ်းခဲ့တဲ့အတွက် မြင်းသမားတွေ၊ဒေသခံပွဲကြည့်သူတွေ ထွက်ပြေးခဲ့ကြရပါတယ်။

“ဖမ်းတာမဟုတ်ဘူး။ မြင်းပွဲဖြစ်တဲ့ မြင်းလမ်းဘေးလယ်တွေ ပဲမနှုတ်ရသေးတော့ လယ်သမားကတိုင်တာ။ သတိလာပေးတာကို ဖမ်းတယ်ဆိုပြီး ပြေးကြတာ”လို့ မြင်းပိုင်ရှင်တဦးက DNA ကိုပြောပါတယ်။

ပြည်တော်ပြန် ဘုရားပွဲတော်ကို ဘုရားဝန်းအတွင်းနဲ့ အံတော်လမ်းတလျှောက်မှာ ကျင်းပနေတာ ဖြစ်ပေမယ့် ဘုရားနောက်ဘက်ကွင်းထဲမှာ ပြေးလုပ်အဖြစ် မြေညှိပြီး လောင်းကြေးမြင့်တဲ့ ကစားပွဲတွေဖြစ်တဲ့ မြင်းပြိုင်ပွဲ၊ပိုက်ကျော်ခြင်းပွဲ နဲ့ ပင်နယ်တီပွဲတွေ လုပ်နေကြတာ ဖြစ်ပါတယ်။

ဇလွန်မြို့ခံ လူမှုကူညီရေးလုပ်နေသူတဦးကလည်း မြင်းပွဲတွေကို ဝင်ဖမ်းတာ မဟုတ်ပဲ ခရိုင်ရဲတပ်ဖွဲ့က လာပိတ်ခိုင်းသွားတယ်လို့ အတည်ပြုပါတယ်။

“အစကလည်း ခွင့်ပြုချက်မရှိဘဲ အောက်ကလူတွေနဲ့ သူ့ဟာနဲ့သူ ညှိပြီးလုပ်ကြတာ။ လုပ်တဲ့သူတွေက ညှိလုပ်ကြ တာပေ့ါ။ ဘုရားပွဲမှာ လောင်းကစားပွဲတွေမပါဘူး။ အောက်ခြေရဲနဲ့ ညှိပြီးလုပ်ကြတယ် ကြားတယ်။ အဲဒီမှာ ခြင်း ဝိုင်းတွေရော အကုန်လုံးပျက်သွားတယ်။ မြင်းပြိုင်ပွဲပါ ပျက်သွားတယ်”လို့ ပြောပါတယ်။

ဇလွန်ပြည်တော်ပြန် ဘုရားပွဲနဲ့အတူ အခုလို လောင်းကစားဝိုင်းတွေကို တရားမဝင် လုပ်ခွင့်ရဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေကို လိုင်းကြေးတွေပေးပြီးမှ အခုလို ခရိုင်ရဲတပ်ဖွဲ့က လာဖမ်းလို့ ပွဲပျက်သွားတဲ့အပေါ်မှာ မြို့ခံပွဲစီစဉ်သူတွေအကြားမှာ မကျေနပ်ချက်တွေ ရှိနေပါတယ်။

“ဇလွန်မှာက ဌာနဆိုင်ရာ​ရော မြို့မိမြို့ဖ လူကြီး​တွေက ယူ​တော့ယူကြတယ် အခုလို ပြသာနာဖြစ်လာ​တော့ အကုန်​ခေါင်း​ရှောင် ကုန်ကြပါတယ်”လို့ ပွဲစီစဉ်သူတဦးက DNA ကိုပြောပါတယ်။

အခုလို မြင်းပွဲတွေ ၊ ခြင်းပွဲတွေ လုပ်ခွင့်ရဖို့အတွက် ညောင်ပင်ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးက ဦးဆောင်စီစဉ်ခဲ့တာလို့ သိရပါတယ်။ ဒီလို လုပ်ခွင့်ရဖို့  မြို့နယ်အုပ်ချုပ်ရေးမှူးကို သိန်း ၂၀ ၊ ဒုအုပ်ချုပ်ရေးမှူးကို ဦးရန်လင်းကို ၁၀ သိန်း ၊ ရဲတပ်ဖွဲ့မှူးကို ၁၀ သိန်း ၊ နယ်ထိန်းကျော်ကျော်ကို ၅ သိန်း ၊ ညောင်ပင်ဈေး ၄ လမ်းမှာနေတဲ့ စရဖ သတင်းပေး ဂျစ်တူးကို ၁၀ သိန်း ၊ ဘုရားဂေါပက ကို ၁၀ သိန်း ၊ ဘုရားပွဲကွင်းချုပ်လေလံရသူ ဓနုဖြူမြို့က ဦးမြင့်ထွန်းကို ၁၀ သိန်း ၊ ဇလွန်ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးချိုမြင့်ခိုင်ကို ၁၀ သိန်းပေးပြီး ခွင့်ပြုချက် ယူခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ဒီအချက်အလက်တွေ မှန်မမှန် DNA က အတည်ပြုနေစဲ ဖြစ်ပြီး ကြံ့ခိုင်ရေးရုံးကို ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းကိုင်ခြင်း မရှိပါဘူး ။

အခုလို လိုင်းကြေးတွေ အသီးသီးပေးထားခဲ့ပေမယ့် ဖေဖေါ်ဝါရီ ၂၆ ၊ ၂၇ နှစ်ရက်သာ လုပ်ခွင့်ရပြီး အခုလို ပွဲပျက်သွားခဲ့တဲ့ အပေါ်မှာ ပွဲစီစဉ်သူတွေဘက်က မကျေမနပ်ဖြစ်နေကြတာပါ။ ဘုရားပွဲမှာ အခုလို လောင်းကစားဝိုင်းတွေကိုတော့ မပါစေချင်ဘူးလို့ ဇလွန်မြို့ခံ အမျိုးသမီးတဦးက မှတ်ချက်ပေးပါတယ်။

“ခြင်းပွဲတွေရော၊ ခြောက်ကောင်ဂျင်တွေရော ဝင်ဖမ်းတယ်လို့ ကြားတာပဲ။ ဘုရားပွဲမှာ လောင်းကစား ပွဲတွေတော့ မပါစေချင်ဘူးပေ့ါ။ ကိုယ်တွေကတော့ မိန်းကလေးဆိုတော့ စိတ်လည်း မဝင်စားဘူးလေ။ လောင်းကစားကိုတော့ ပါလည်း မပါစေချင်ဘူး။ မကောင်းဘူးလေ”လို့ မှတ်ချက်ပေးပါတယ်။

ဇလွန်ပြည်တော်ပြန် ဘုရားမုဒ်ဦးအထွက် အံတော်လမ်းထဲမှာ ရှိတဲ့ ပွဲဈေးတန်းအတွင်းမှာလည်း အပျော်တမ်း ကံစမ်းမဲနှိုက်တဲ့ တရာမဲ ဆိုင်ခန်းတွေ များပြားတဲ့အပေါ်မှာလည်း တိုင်ကြားမှုတွေ ရှိပေမယ့် စစ်ဆေးတာမြစ်တွေတော့ မရှိဘူးလို့ ပွဲဈေးရောင်းသူတဦးက ပြောပါတယ်။

“တရာမဲဆိုတာ လောင်းကစားမဲလေ။ ကံစမ်းတယ် ဘာညာဆိုတာထက် ဒါက လောင်းကစားပဲ။ ပြီးတော့ လူတွေကို လိမ်နေတာပဲ။ ဘာကြောင့် ဒီဆိုင်တွေကို ဒီလောက်အများကြီး ဖွင့်ခွင့်ပေးတာလဲ ဆိုတာကို နားကိုမလည်ဘူး ” လို့ အံတော်လမ်းမှာ အထည်ဆိုင်ဖွင့်ထားသူ တဦးက ပြောပါတယ်။ အဲဒီ အံတော်လ

ဒီနှစ် ပြည်တော်ပြန်ဘုရားပွဲဈေးမှာ အံ့တော်လမ်းတခုတည်းမှာတင်  တရားမဲဆိုင်ခန်း ၂၀ နှင့်အထက်မှာ ရှိနေပြီး ပွဲခင်းတခုလုံးမှာ ၄၀ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲကို  ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့ထိ ၈ ကြာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဘုရားပွဲကျင်းပရေး ကော်မတီက ကြေညာထားပါတယ်။