
၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ငါးနှစ်အကြာမှာ အာဆီယံက အခုလို သက်တမ်းရှည်သံတမန်ခန့်ဖို့ ဆွေးနွေးလာတာပါ။
၂၈၊ ဖေဖော်ဝါရီ။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ပြောင်းလဲတာနဲ့အမျှ အထူးသံတမန်ကို နှစ်စဉ်လဲလှယ်နေတဲ့ အခုလက်ရှိစနစ်အစား မြန်မာနိုင်ငံအတွက် သက်တမ်းရှည် အထူးသံတမန်တဦး ခန့်အပ်ဖို့ အာဆီယံက စဉ်းစားနေတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
“အခုချိန်မှာတော့ ကျွန်မတို့လို အထူးသံတမန်တွေကို အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အစိုးရကပဲ အမြဲခန့်အပ်တာပါ။ အခုတော့သက်တမ်းရှည် အထူးသံတမန်တယောက် ထားရှိဖို့ ဆွေးနွေးမှုတွေ ရှိနေပါတယ်” လို့ မာရီယာ သရီဆာ လာဇာရိုက ဗုဒ္ဓဟူးနေ့သီးသန့်အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ မလေးရှားက တာဝန်ယူပြီးနောက် အခု ၂၀၂၆ ခုနှစ်မှာတော့ ဖိလစ်ပိုင်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်ပါတယ်။၂၀၂၇ ခုနှစ်မှာတော့ စင်ကာပူက အဆိုပါ ၁၁ နိုင်ငံပါဝင်တဲ့ ဒေသတွင်းအဖွဲ့ကြီးကို ဦးဆောင်ဖို့ သတ်မှတ်ထားပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာဟာ မလေးရှားဝါရင့်သံတမန် တန်ရှရီ အော့စ်မန် ဟာရှင်ရဲ့ နေရာမှာ လာဇာရိုကို ပြီးခဲ့တဲ့ နိုဝင်ဘာလက အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တာပါ။
လာဇာရိုက သူ တာဝန်ယူပြီးကတည်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးတို့လို မြန်မာစစ်အစိုးရရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ “အထူးသံတမန်တယောက် ဖြစ်လာပြီဆိုရင် လူတိုင်းရဲ့စကားကို နားထောင်ရပါတယ်” လို့ သူက ဆိုပါတယ်။
နေပြည်တော်ကို မကြာခင်က သွားခဲ့တဲ့ခရီးစဉ်အတွင်းမှာ လက်တွေ့အားဖြင့် တသက်တကျွန်း ပြစ်ဒဏ်ကျခံနေရတဲ့ အသက် ၈၀အရွယ် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို ကြည့်ရှုခွင့်ပေးဖို့ တောင်းဆိုခဲ့သေးတယ်လို့ လာဇာရိုက ထည့်ပြောပါတယ်။
ဒါပေမဲ့ ဒီတောင်းဆိုချက်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးက ယဉ်ယဉ်ကျေးကျေးပဲ ငြင်းခဲ့တယ်လို့ သူက ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ငါးနှစ်အကြာမှာ အာဆီယံက အခုလို သက်တမ်းရှည်သံတမန်ခန့်ဖို့ ဆွေးနွေးလာတာပါ။
အာဏာသိမ်းပြီး နှစ်လအကြာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဆီယံခေါင်းဆောင်တွေ ဂျာကာတာမှာ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံအဖြစ် ဘုံသဘောတူညီချက် ငါးချက်ကို သဘောတူခဲ့ကြပါတယ်။
အဲဒီထဲမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဖို့ ပါဝင်ပါတယ်။ ဒါပေမဲ့နိုင်ငံတကာက ဖိအားပေးနေပေမဲ့လည်း အကောင်အထည်ဖော်မှု နှေးကွေးနေတာဟာ အဖွဲ့ဝင်နိုင်ငံတွေကြားက ပဋိပက္ခတွေကိုဖြေရှင်းတဲ့နေရာမှာ အာဆီယံရဲ့ အလှည့်ကျသံတမန်ရေးစနစ်ရဲ့ အကန့်အသတ်တွေကို မီးမောင်းထိုးပြနေပါတယ်။
ပြီးခဲ့တဲ့လက စီဘူး မှာလုပ်ခဲ့တဲ့ ဖိလစ်ပိုင်ဦးဆောင်တဲ့ ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ”မြန်မာနိုင်ငံဟာ ဘုံသဘောတူညီချက် ငါးချက်ကို တကယ်တမ်း လိုက်နာခြင်း မရှိသေးဘူးဆိုတာ ပေါ်လွင်ခဲ့တယ်”လို့ လာဇာရိုကပြောပါတယ်။
သဘောတူညီချက်ထဲက အရေးကြီးတဲ့ အချက် တခုဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။
အမြဲတမ်းသံတမန်ခန့်အပ်ဖို့ အာဆီယံရဲ့ အဆိုပြုချက်ဟာ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ပုံမျိုးကို နမူနာယူထားတာပါ။
လာဇာရိုဟာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီ ဘစ်ရှော့ပ်နဲ့ နီးနီးကပ်ကပ် ချိတ်ဆက်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
Ref – Asia Nikkei