ဘတ်ဖလိုးမြို့မှာ မြန်မာဒုက္ခသည်တဦး သေဆုံးမှု အမေရိကန် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

အဆိုပါ သေဆုံးမှုဟာ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေရဲ့ လူမဆန်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ရတာလို့ ဘတ်ဖလိုးမြို့တော်ဝန် ရှောင်ရိုင်ယန်က ထုတ်ပြန်ချက်မှာ ဝေဖန်လိုက်ပါတယ်။

 

၂၇၊ ဖေဖော်ဝါရီ။

 

အမေရိကန် ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းမှုအောက်ကနေ ပြန်လွတ်လာတဲ့ မြန်မာဒုက္ခသည်တဦး ဘတ်ဖလိုးမြို့လယ်ခေါင်က လမ်းပေါ်မှာ သေဆုံးမှုအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

အသက် ၅၆ နှစ်အရွယ်ရှိပြီး မျက်စိသိပ်မမြင်ရတဲ့  ရိုဟင်ဂျာ ဒုက္ခသည် နူရူလ် အာမင် ရှာအလမ်ကို ဖက်ဒရယ်ထိန်းသိမ်းမှုကနေ ထွက်ခွာလာပြီး ခြောက်ရက်အကြာ ၊ ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ဘတ်ဖလိုးမြို့လယ်က လမ်းမတခုပေါ်မှာ သေဆုံးလျက် ပြန်တွေ့ခဲ့တာပါ။

 

နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့ အကျဉ်းထောင်တခုကနေ လွတ်လာပြီးနောက် သူ့ကို အမေရိကန် နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဆီလွှဲပြောင်းပေးလိုက်ကတည်းက ပျောက်ဆုံးနေခဲ့တာလို့ ဘတ်ဖလိုး ရဲဌာနပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 

ရှာအလမ်ဟာ ပြီးခဲ့တဲ့နှစ်မှာ အမှုရင်ဆိုင်ဖို့အတွက် ခရိုင်အကျဉ်းထောင်မှာ အချိန်အတော်ကြာ နေခဲ့ရပြီးနောက် အပေါ့စားပြစ်မှုအဖြစ် ဝန်ခံကတိပြုပြီး လွတ်မြောက်လာတာပါ။ အဲ့ဒီနောက် အမေရိကန် နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင်တွေက သူ့အိမ်နဲ့ ကီလိုမီတာ အတော်ဝေးတဲ့ ကော်ဖီဆိုင်တခုမှာ ချထားခဲ့တာ ဖြစ်ပါတယ်။

 

လူသတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးတွေက ရှာအလမ် သေဆုံးရတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

အဆိုပါ သေဆုံးမှုဟာ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေရဲ့ လူမဆန်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ရတာလို့ ဘတ်ဖလိုးမြို့တော်ဝန် ရှောင်ရိုင်ယန်က ထုတ်ပြန်ချက်မှာ ဝေဖန်လိုက်ပါတယ်။

 

“အကူအညီလိုအပ်နေတဲ့သူ၊ မျက်စိလည်း သိပ်မမြင်ရသလို အင်္ဂလိပ်စကားလည်း မပြောတတ်တဲ့သူကို ဘယ်လောက်အထိ လုံခြုံစိတ်ချရမလဲဆိုတာ မစဥ်းစားဘဲ အေးစက်တဲ့ ဆောင်းတွင်းညမှာ တယောက်တည်း ထားခဲ့ကြတယ်” လို့ မြို့တော်ဝန်က ပြောပါတယ်။

 

“အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာနရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ ကျွမ်းကျင်မှုမရှိသလို လူမဆန်တဲ့ လုပ်ရပ်ပါပဲ” လို့ သူက ဆက်ပြောပါတယ်။

 

အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာန (CBP) ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ရှာအလမ်ဟာ ဒုက္ခသည်အဖြစ် ဝင်ရောက်လာသူဖြစ်လို့ ပြည်နှင်ဒဏ်ပေးလို့ မရဘူးလို့ ဆုံးဖြတ်ပြီးနောက် ကော်ဖီဆိုင်တခုမှာ ချထားခဲ့တာလို့ ဆိုပါတယ်။

 

ရှာအလမ်ဟာ “စိတ်ပူပန်နေတဲ့ပုံစံ၊ လမ်းလျှောက်ရခက်ခဲတာ ဒါမှမဟုတ် အကူအညီလိုအပ်တဲ့ မသန်စွမ်းမှု လက္ခဏာတွေ မပြခဲ့ဘူး” လို့လည်း ပြောပါတယ်။

 

“နယ်စပ်ကင်းလှည့်တပ်ဖွဲ့က သူ့ကို လိုက်ပို့ပေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး သူကလည်း ကော်ဖီဆိုင်တခုကို လိုက်ပို့ပေးဖို့သဘောတူခဲ့တာပါ။ အဲဒီနေရာဟာ နွေးထွေးပြီး လုံခြုံတဲ့အပြင် သူ့ရဲ့နောက်ဆုံးနေရပ်နဲ့ နီးစပ်တဲ့နေရာလို့ ယူဆခဲ့တာပါ” လို့အဆိုပါဌာနက ဆိုပါတယ်။

 

အီရီခရိုင် ရှေ့နေရုံးရဲ့ ပြောကြားချက်အရ ရှာအလမ်ဟာ ဘတ်ဖလိုးရဲအရာရှိ နှစ်ဦးကို ထိခိုက်ဒဏ်ရာ အနည်းငယ်ရစေခဲ့တဲ့ဖြစ်ရပ်တခုကြောင့် လွန်ခဲ့တဲ့ တနှစ်က အဖမ်းခံခဲ့ရတာပါ။

 

သူဟာ အပြစ်ဝန်ခံဖို့ သဘောတူညီချက်ရပြီးတဲ့နောက် အခုလမှာပဲ အာမခံနဲ့ ပြန်လွတ်လာတာဖြစ်တယ်လို့ သိရပါတယ်။

 

ရှာအလမ်ရဲ့ သားတဦးဖြစ်တဲ့ မိုဟာမက် ဖိုင်ဇယ်ကတော့ သူ့ဖခင် လွန်ခဲ့တဲ့ တနှစ်က အဖမ်းခံရတာဟာ ရဲတွေနဲ့ နားလည်မှုလွဲလို့ ဖြစ်ရတာလို့ ပြောပါတယ်။

 

အင်္ဂလိပ်စကား မပြောတတ်တဲ့ ရှာအလမ်ဟာ အပြင်ကို လမ်းလျှောက်ထွက်ရင်း သူဝယ်ထားတဲ့ လိုက်ကာတံကို လမ်းလျှောက်တုတ်အဖြစ် သုံးခဲ့တာလို့ ဖိုင်ဇယ်က ဆိုပါတယ်။ သူဟာ လမ်းမှားပြီး အိမ်တအိမ်ရဲ့ ခြံထဲကို ရောက်သွားခဲ့လို့ အိမ်ရှင်က ရဲကိုဖုန်းဆက်တိုင်ခဲ့တာပါ။

 

လိုက်ကာတံကို ချလိုက်ဖို့ ရဲတွေက အမိန့်ပေးတာကို ရှာအလမ်က နားမလည်တဲ့အတွက် သူ့ကို ရဲတွေက ဖမ်းလိုက်တာလို့ သူ့သားက ရှင်းပြပါတယ်။

 

“ပြီးခဲ့တဲ့အပတ်က ဖေဖေ ပြန်လွတ်လာတဲ့အခါမှာ ဖေဖေ့ကို ဘယ်နေရာမှာ ချထားခဲ့တယ်ဆိုတာ ကျွန်တော့်ကိုဖြစ်ဖြစ်၊ မိသားစုကိုဖြစ်ဖြစ်၊ ရှေ့နေကိုဖြစ်ဖြစ် ဘယ်သူမှ မပြောခဲ့ဘူး” လို့ ဖိုင်ဇယ်က ဆိုပါတယ်။

 

ဘတ်ဖလိုးက လူဝင်မှုကြီးကြပ်ရေး ရှေ့နေတဦးကတော့ လူကြီးတယောက်ကို ထိန်းသိမ်းမှုကနေ ပြန်လွှတ်ပေးတဲ့အခါမှာမိသားစုကို အကြောင်းကြားရမယ်ဆိုတဲ့ စည်းကမ်းချက် ဖက်ဒရယ်အာဏာပိုင်တွေမှာ မရှိဘူးလို့ ပြောပါတယ်။

 

အဆိုပါ မိသားစုဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ရှာအလမ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကမှ အမေရိကန်ကို ဒုက္ခသည်အဖြစ်ရောက်ရှိလာတာ ဖြစ်ပါတယ်။

 

Ref – cbc