
“ အခုရက်ပိုင်းတွေမှာ မျက်စိနာလို့ အသက်ရှုမဝလို့ဆိုတဲ့ လူနာတွေတော်တော်လာကြတယ်။ အခုက ပဲသိမ်းရာသီဆိုတော့ ပဲနုတ်ကြသူတွေအများစုက ဒီဝေဒနါတွေ ခံစားကြရတယ် ”
၂၇၊ ဖေဖော်ဝါရီလ။
ဧရာဝတီတိုင်းထဲမှာ လေထုညစ်ညမ်းမှု အညွှန်းကိန်းတွေဟာ ဒီကနေ့ကစလို့ ထပ်မံမြင့်တက်လာနေပြီး ယခု ၃ ရက်အတွင်း ကျန်းမာရေးအတွက် အန္တရာယ်ရှိ အဆင့်ကိုရောက်ရှိနေမှာဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ဂရုစိုက်နေထိုင်ကြဖို့လိုပါတယ်။
ဒါအပြင် နိုင်ငံအတွင်းမှာ လေထုညစ်ညမ်းစေတဲ့ မီးခိုးထုတ်လွှတ်မှုတွေ အဆမတန်များပြားနေတာကြောင့် လေထုညစ် ညမ်းမှုဟာ ဆက်တိုက်မြင့် တက်လာနိုင်ချေ ရှိတယ်လို့လည်း မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
” ပြီးခဲ့တဲ့ စနေကနေ တနင်္လာအထိ သုံးရက်မှာ တော်တော်ဆိုးခဲ့ပြီး နောက်တော့ပြန်ကျလာတယ်။ ဒီကနေ့မှာတော့ အညွှန်းကိန်းဟာ ၂၀၀ မိုက်ခရိုက်ဂရမ်/ကုဗမီတာ အထက်ကို ပြန်ရောက်လာတယ် ” လို့ မိုးဇလ ပညာရှင် တဦးက ပြောပါတယ်။
လေထုညစ်ညမ်းမှုက ဆက်တိုက်နီးပါးဖြစ်လာရင် လူတွေရဲ့ အဆုတ်နဲ့ နှလုံး ကျန်းမာရေးတွေကို ထိခိုက်နိုင်ချေရှိပြီး အများအားဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို အလွယ်တကူခံစားရနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။
“ အခုရက်ပိုင်းတွေမှာ မျက်စိနာလို့ အသက်ရှုမဝလို့ဆိုတဲ့ လူနာတွေတော်တော်လာကြတယ်။ အခုက ပဲသိမ်းရာသီဆိုတော့ ပဲနုတ်ကြသူတွေအများစုက ဒီဝေဒနါတွေ ခံစားကြရတယ် ” လို့ ဇလွန်မြို့နယ်ထဲမှာရှိတဲ့ ဆေးခန်းတခုက ဝန်ထမ်းတဦးက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ လေထုညစ်ည မ်းမှုဟာ ဘင်္ဂလားပင်လယ်အော်ဘက်ကနေ ဝင်ရောက်လာခဲ့တဲ့ လေစီးကြောင်းမှာကိုက PM 2.5 နဲ့ပတ်သက်တဲ့ အညွှန်းကိန်းတွေဟာ ညစ်ညမ်းမှုအဆင့်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လတ်တလောမှာ ဆက်တိုက်ဖြစ်လာနေတဲ့ လေထုညစ်ညမ်းမှုတွေကတော့ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုး တခုအဖြစ်ပါဝင်လာတယ်လို့ မိုးဇလပညာရှင်တွေက မှတ်ချက်ပြုကြပါတယ်။
” ဘာလို့ ဒီနှစ်မှာ လေထုညစ်ညမ်းမှုက ပိုဆိုးလာရတာလဲဆိုရင် ကျွန်တော်က မေးခွန်းပြန်မေးချင်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ မီးခိုးတွေထွက်အောင်လုပ်နေတာ ဘယ်သူတွေလဲ၊ ညစ်ညမ်းဓာတ်ငွေ့တွေ ထွက်အောင် လုပ်နေတာ ဘယ်သူတွေလဲ၊ အဲ့ဒါတွေကို ဘယ်သူတွေက ထိန်းနေနိုင်လို့လဲ ” လို့ အမည်မဖော်လိုသူ မိုးဇလ ပညာရှင် တဦးက DNA ကိုပြောပါတယ်။
အဆိုပါ အခြေအနေတွေကို မထိန်းသိမ်းနိုင်ရင် ခြောက်သွေ့ရာသီမှာ လေထုညစ်ညမ်းမှုတွေဟာ တိုးသထက် တိုးလာဖို့သာ ရှိမှာဖြစ်ပြီး တနှစ်ထက် တနှစ်ပိုမိုဆိုးဝါးလာဖို့သာရှိတယ်လို့ သူက ဆိုပါတယ်။
ယခုလာမယ့် ၂၀၂၆ ခုနှစ် နွေရာသီမှာ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေက ခံစားနေရတဲ့ အယ်နီညို အစွန်းရောက်ရာသီဥတု ဒဏ်ကိုခံစားရဖို့ မရှိပေမယ့် မြန်မာနိုင်ငံရဲ့ ဒေသအများစုမှာ လေထုညစ်ညမ်းမှုတွေကို ခံစားလာနိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
https://www.facebook.com/photo.php?fbid=1343660234473717&set=pb.100064892582655.-2207520000&type=3
https://www.facebook.com/photo.php?fbid=1343084051198002&set=pb.100064892582655.-2207520000&type=3