မလေးရှားနိုင်ငံမှာ တီဘီရောဂါ တကျော့ပြန် ခေါင်းထောင်လာ

မလေးရှားမှာ တီဘီဆေးပတ်လည်အောင် သောက်သူနှုန်းဟာ ၈၁.၅ ရာခိုင်နှုန်းပဲ ရှိနေပြီး ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ၉၅ ရာခိုင်နှုန်းအောက်ကို ရောက်နေတာပါ။

၂၆၊ ဖေဖော်ဝါရီ။

မလေးရှားနိုင်ငံမှာ တီဘီရောဂါ ကူးစက်မှုနှုန်းဟာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ပြန်လည်မြင့်တက်လာပြီး ၂၀၂၃ ခုနှစ်အတွင်း လူနာပေါင်း ၂၆,၇၈၁ ဦးအထိ ရှိခဲ့ရာကနေ အခု ၂၀၂၆ ခုနှစ်ရဲ့ ပထမ ခြောက်ပတ်အတွင်းမှာတင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လူနာသစ် ၃,၁၆၁ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ၁၀ ရာခိုင်နှုန်းလောက်အထိ ကူးစက်မှုနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ပြည်နယ်အလိုက်ကိုကြည့်ရင် ဆာဘားပြည်နယ်မှာ ၇၅၅ ဦးနဲ့ အများဆုံးဖြစ်နေပြီး ဆလန်ဂေါမှာ ၅၉၆ ဦးနဲ့ ဆာရာဝါးမှာ ၃၃၂ ဦးတို့က ဒုတိယနဲ့ တတိယ အများဆုံး ဖြစ်နေတယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

အများပြည်သူကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဗီနူဂိုပလန်ကတော့ “အသက်ကြီးလာလို့ ကိုယ်ခံအားကျဆင်းတာ ဒါမှမဟုတ် ကိုဗစ် (Covid-19) ဖြစ်ဖူးလို့ အဆုတ်မှာ ဒဏ်ရာရကျန်ခဲ့တာတွေက ကိုယ်ထဲမှာငြိမ်နေတဲ့ တီဘီပိုးတွေကို ပြန်ကြွလာစေတာ ဖြစ်နိုင်တယ်”လို့ သုံးသပ်ထားပါတယ်။

တီဘီရောဂါကို အမြစ်ပြတ်တိုက်ထုတ်ဖို့ဆိုတာ ချက်ချင်းလုပ်လို့ရတဲ့ အလုပ်မဟုတ်ဘူးလို့လည်း ဒေါက်တာ ဗီနူဂိုပလန်က ဆိုပါတယ်။

ဒါ့အပြင် ရောဂါရှိမှန်းသိတာ နောက်ကျတာနဲ့ လူနာတွေက ဆေးပတ်လည်အောင် မသောက်ဘဲ လမ်းခုလတ်မှာရပ်လိုက်တာတွေကြောင့် ဆေးယဉ်ပါးတွေ ဖြစ်လာရတာဟာ ရောဂါနှိမ်နင်းရေးအတွက် အဓိက အဟန့်အတားဖြစ်နေပါတယ်။

မလေးရှားကျန်းမာရေးဝန်ကြီးဌာနမှာ ၃၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ ဗီနူဂိုပလန်က “ကိုဗစ်တုန်းကလို စည်းကမ်းတွေ မလိုပါဘူး။ တီဘီက ရောဂါရှိမှန်း မသိရသေးတဲ့သူနဲ့ အချိန်အကြာကြီး နီးနီးကပ်ကပ် နေမှပဲ ကူးတာပါ” လို့ ပြောပါတယ်။

မလေးရှားမှာ တီဘီဆေးပတ်လည်အောင် သောက်သူနှုန်းဟာ ၈၁.၅ ရာခိုင်နှုန်းပဲ ရှိနေပြီး ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ၉၅ ရာခိုင်နှုန်းအောက်ကို ရောက်နေတာပါ။

ပညာရှင်တွေကတော့ တီဘီရောဂါဟာ ကိုဗစ်လိုမျိုး ခဏလေး ထိတွေ့ရုံနဲ့ မကူးစက်နိုင်ဘဲ လူနာနဲ့ အချိန်အတော်ကြာ နီးကပ်စွာနေထိုင်မှသာ ကူးစက်နိုင်တာဖြစ်လို့ အလွန်အမင်း ထိတ်လန့်စရာမလိုပေမဲ့ ချောင်းဆိုးတာ ရှည်ကြာနေရင်တော့ စောစောစီးစီး စစ်ဆေးကုသမှုခံယူဖို့ သတိပေးထားပါတယ်။

Ref – the straitstimes