လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ သေဆုံးမှုအပေါ် UNICEF အထူးစိုးရိမ်ကြောင်း ထုတ်ပြန်

ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာစောင့်ထိန်းကြဖို့ UNICEF က တိုက်တွန်းထားပြီး ကလေးငယ်တွေကို ဘယ်အချိန်မဆို အကာအကွယ်ပေးရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၆၊ ဖေဖော်ဝါရီ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်ကြားမှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွေကို ပစ်မှတ်ထားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ကလေးငါးဦး သေဆုံးပြီးသုံးဦး ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ်  ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) အနေနဲ့ အထူးစိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေကြားမှာ ကလေးတွေနဲ့ အရပ်သားတွေဟာ မြေစာပင်ဖြစ်နေကြရပြီးရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေမှာဆိုရင် စစ်ဘေးရှောင်မိသားစုတွေ ခိုလှုံနေတဲ့ ရွာတရွာက နေအိမ်တွေနဲ့ လူစည်ကားတဲ့ ဈေးတခုကို ဗုံးကြဲခံခဲ့ရတယ်ဆိုတာ သိရှိထားတယ်လို့ ဆိုပါတယ်။

“ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကလေးတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ ဘေးကင်းလုံခြုံမှု စတဲ့ အခြေခံလိုအပ်ချက်တွေကိုလည်း မရရှိတော့ပါဘူး။UNICEF အနေနဲ့ မြန်မာနိုင်ငံတဝန်းက ပဋိပက္ခဒဏ်သင့် ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက်လိုအပ်တဲ့ အကူအညီတွေကို ပံ့ပိုးပေးနေပါတယ်”လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်အသိပေးပါတယ်။

ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာစောင့်ထိန်းကြဖို့ UNICEF က တိုက်တွန်းထားပြီး ကလေးငယ်တွေကို ဘယ်အချိန်မဆို အကာအကွယ်ပေးရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့ မွန်းလွဲ  ၂ နာရီကျော် အချိန်မှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ အများအပြားခိုလှုံနေထိုင်ကြတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာ ရွာလယ်စျေးတန်းကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၁၇ ဦးထက်မနည်း သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ကနဦးသတင်းထုတ်ပြန်ထားပါတယ်။

Ref – UNICEF