ဥပဒေအမည်ခံ လူသတ်လက်နက်နဲ့ အတုအယောင် ရွေးကောက်ပွဲ

ဥပဒေအမည်ခံ လူသတ်လက်နက်နဲ့ အတုအယောင် ရွေးကောက်ပွဲ

 

(FactCheck_DNA)

 

၂၀၂၆ ဖေဖော်ဝါရီ ၂၅

 

အာဏာသိမ်းစစ်တပ်ဟာ  ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က  ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြည်သူ့စိုးရဆီကနေ အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။

 

အာဏာသိမ်းယူခဲ့တဲ့အချိန်ကစပြီး မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်က သွေဖည်ပြီး အမှောင်ခေတ်ကို ပြန်လည်ရောက်ရှိလာခဲ့ရုံမကပဲ အပိုင်းလိုက်ကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲမှာလည်း  ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ပြည်သူတွေကို သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ်နဲ့ လူမဆန်တဲ့ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုပြီး အတင်းအကြပ်ဖိအားပေးပြီးကျင်းပခဲ့တာပါ။

 

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင် ၂၉ရက်မှာ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”ကို အလျှင်အမြန် ပြဋ္ဌာန်းခဲ့ပြီး ဒီဥပဒေကို အပိုင်းလိုက်ကျင်းပပြီးစီးခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ လက်နက်သဖွယ်အသုံးချခဲ့တာပါ။

 

အဲ့ဒီဥပဒေမှာ ရွေးကောက်ပွဲကိုဝေဖန်တာ၊ နှောက်ယှက်တာလို့ ယူဆပါက အနည်းဆုံး ထောင်ဒဏ် ၃နှစ်အထိချမှတ်နိုင်သလို အမြင့်ဆုံးသေဒဏ်အထိချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။

 

ပုဒ်မ ၂၃ (က) ဟာ ရွေးကောက်ပွဲ ပျက်ပြားအောင်လှုံ့ဆော်တဲ့သူလို့ စွပ်စွဲခံရသူတွေကို ထောင်ဒဏ် ၃နှစ်ကနေ ၇နှစ်အထိချမှတ်နိုင်ပြီး အဲ့ဒီဥပဒေကို ပြည်သူလူထုကို အကြောက်တရားနဲ့ ဖိနှိပ်နိုင်ဖို့ အသုံးပြုခဲ့တာပါ။

 

၂၀၂၆  ဇန်နဝါရီ ၁၉အထိ စာရင်းတွေအရ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့  အမျိုးသား ၃၂၄ဦး၊ အမျိုးသမီး ၈၀ဦး၊ စုစုပေါင်း ၄၀၄ဦးကို  အဲ့ဒီ ဥပဒေနဲ့ ဖမ်းဆီးထားခဲ့ပြီး အဲ့ဒီအထဲမှာ ၁၄နှစ်အရွယ်ကလေးသူငယ်တွေပါ ပါဝင်နေတာကို တွေ့ရတာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို အထင်ရှားဆုံးသက်သေပြနေတာပါ။

ရွေးကောက်ပွဲ ဥပဒေနဲ့ဖမ်းဆီးခံရသူ ၄၀၀ကျော်လာတဲ့အကြောင်း RFA သတင်းဌာနက ဖော်ပြထားတဲ့ သတင်း >>> https://shorturl.at/ZXBZ9 

 

ရွေးကောက်ပွဲကို ဝေဖန်တာကြောင့် အသက်မပြည့်သူတွေကိုပါဖမ်းဆီးခဲ့တယ်ဆိုတဲ့အကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြထားတဲ့ သတင်း >>>  

https://www.youtube.com/watch?v=gvbARfhL62g 

 

ဒါ့အပြင် စစ်တပ်ဟာ ပြည်သူတွေကြားမှာ အကြောက်တရားပိုမိုရှိလာအောင် လူထုအပေါ်ကို လွှမ်းမိုးမှုရှိနိုင်တဲ့ အနုပညာရှင်တွေကို နမူနာအဖြစ် ဖမ်းဆီးပြတာမျိုးနဲ့လည်း လူထုကို ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ သက်လွင်၊ ဒါရိုက်တာ အောင်ချမ်းလူ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်း တို့ကို စစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ရွေးကောက်ပွဲကို ဆန့်ကျင် ဝေဖန်တာ၊ ဒါမှမဟုတ် ဝေဖန်သူတွေကို Love React ပေးတာကြောင့်နဲ့ ဖမ်းဆီးခဲ့ပါတယ်။

 

ရွေးကောက်ပွဲဥပဒေနဲ့ အနုပညာရှင်တွေဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့ သတင်း >>> https://archive.ph/wip/gwvBJ 

အဲ့ဒီအနုပညာရှင်တွေသာမကပဲ စစ်တပ်ရဲ့မဟာမိတ်ဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဥက္ကဋ္ဌ 

ဒေါ်သက်သက်ခိုင်ကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

 

ပြည်ပသံရုံးက လူတချို့နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းမှာရှိတဲ့ စားသောက်ဆိုင်မှာ တွေ့ဆုံခဲ့တာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆(စ)နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

 

ဒေါ်သက်သက်ခိုင်ဟာ နိုင်ငံရေးလောကထဲကို မဝင်မီမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်၊ သန်းကြွယ်သူဌေးတဦးဖြစ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီခင်ကတည်းက စစ်တပ်အာဏာသိမ်းဖို့အတွက် လမ်းခင်းပေးခဲ့သူဖြစ်ပါတယ်။

 

ဒေါ်သက်သက်ခိုင်အပါအဝင် စစ်တပ်ရဲ့ကျောထောက်နောက်ခံ မဟာမိတ်ပါတီ ၃၀ကျော်က ပြီးခဲ့တဲ့ ၂၀၂၀ ဩဂုတ်လမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး NLD အနိုင်ရခဲ့ရင် အာဏာသိမ်းဖို့တောင်းဆိုခဲ့ကြသလို စစ်ခေါင်းဆောင်ကလည်း “ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး” လို့ ပြောဆိုခဲ့ပြီးတဲ့နောက် အမှန်တကယ် အာဏာသိမ်းခဲ့ပါတယ်။

 

အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်ကနေ ဒေါ်သက်သက်ခိုင်ကို ဝန်ကြီးရာထူးပေးပြီး ချီးမြှောက်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၆ ဇန်နဝါရီလမှာတော့ ဒေါ်သက်သက်ခိုင်ကို ကြက်လေး၊​ငှက်လေးဖမ်းသလို နေအိမ်မှာပဲ စစ်တပ်ကနေ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ 

 

စစ်တပ်ကိုအာဏာသိမ်းဖို့တောင်းဆိုခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး  Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သတင်း >>> https://myanmar-now.org/mm/news/71248/ 

 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆မှာ “ပါတီတည်ထောင်လိုသူများသည် အောက်ပါအချက်များကို လိုက်နာရမည် –  (စ) နိုင်ငံတော်ပိုင် ငွေကြေး၊ ပစ္စည်း၊ အဆောက်အအုံ၊ ယာဉ်၊ ယန္တရားတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုခြင်းမှ ကင်းစင်သူဖြစ်ရမည်။

သို့ရာတွင် နိုင်ငံတော်ကပေးပိုင်ခွင့်ရှိသည့် အထောက်အပံ့များ၊ အခွင့်အရေးများကို ဥပဒေနှင့်အညီ ခံစားခြင်းသည် ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းခြင်းမရှိစေရ။

(ဆ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူခြင်း သို့မဟုတ် သုံးစွဲခြင်းမှ ကင်းစင်သူဖြစ်ရမည်။”(မူရင်းအတိုင်း)ပြဌာန်းထားတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ရက်မှာ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒေါ်သက်သက်ခိုင်အနေနဲ့ ပြည်ပသံရုံးက လူတချို့နဲ့တွေ့ဆုံခဲ့တာကြောင့် ဖမ်းဆီးအရေးယူခဲ့တာဖြစ်တာကိုသာဖော်ပြထားပြီး ငွေကြေး၊ ဒါမှမဟုတ် အထောက်အပံ့တစုံတရာရယူခဲ့တယ်လို့ ဖော်ပြထားတာမျိုးမရှိပါဘူး။ ထုတ်ပြန်ချက် – https://archive.ph/wip/jnUke 

 

သေဒဏ်ထိချမှတ်နိုင်တဲ့ ပြင်းထန်နဲ့ ဥပဒေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်အရေးယူနေပြီး မဟာမိတ်ပါတီတွေကိုပါ ဖမ်းဆီးနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင်ကပဲ ဥပဒေကို ချိုးဖောက်နေတာကိုလည်း တွေ့ရပါတယ်။ 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မဲရုံတခုမှာပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅က စစ်ခေါင်းဆောင်ကိုယ်တိုင် ရွေးကောက်ပွဲ ဥပဒေကိုချိုးဖောက်ခဲ့တာပါ။

မဲရုံအတွင်းနဲ့ ကိုက် ၅၀၀အတွင်း ပါတီတံဆိပ်တွေဝတ်ဆင်တာကို တားမြစ်ထားပေမယ့်လည်း ကြံ့ဖွံ့ပါတီတံဆိပ်ပါ အင်္ကျီနဲ့ ဦးထုပ်ဝတ်ဆင်ထားသူတယောက်က စစ်ခေါင်းဆောင်နဲ့အတူ အဲ့ဒီမဲရုံအတွင်းကို ဝင်ရောက်ခဲ့တာကိုတွေ့ရပါတယ်။

ပေါ်ပြူလာသတင်းဌာနက ဖော်ပြခဲ့တဲ့ ကြံ့ဖွံ့ပါတီအင်္ကျီ၊ ဦးထုပ်ဝတ်ထားတဲ့သူနဲ့ စစ်ခေါင်းဆောင်ကို မဲရုံအတွင်းအတူတွေ့ရတဲ့ပုံနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက ဖော်ပြထားတဲ့ သတင်း >>> https://www.facebook.com/share/p/17FWWXPny9/ 

သုံးသပ်ချက် 

 

အာဏာသိမ်းစစ်တပ်ရဲ့ အပိုင်းလိုက်ကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ထွက်ပေါက်မဟုတ်ဘဲ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမဲ့ ဖိနှိပ်မှုယန္တရားတခုသာဖြစ်ပါတယ်။ 

 

၁၄နှစ်၊ ၁၆နှစ်အရွယ်ကလေးသူငယ်တွေကို ဖမ်းဆီးတာ၊ အနုပညာရှင်တွေကို ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ပတ်သက်ပြီး react ပေးတာကြောင့် ထောင်ချတာ၊ မဟာမိတ်ဟောင်းကို ဖမ်းဆီးတာ၊ စစ်ခေါင်းဆောင်းကိုယ်တိုင် ဥပဒေကို ချိုးဖောက်တာက ဒီရွေးကောက်ပွဲက စနစ်တကျဖန်တီး ပုံဖော်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်ကြောင်း သက်သေပြနေပါတယ်။

 

ပြည်သူ ၄၀၀ ကျော်ကို အကျဥ်းချပြီး သေဒဏ်အထိပြင်းထန်တဲ့ဥပဒေနဲ့ ခြိမ်းခြောက်ပြီး ရယူထားတဲ့ ရွေးကောက်ပွဲရလဒ်ဟာ တရားဝင်မှုလုံးဝမရှိတဲ့ ရလဒ်သာဖြစ်ပါတယ်။

 

#DNAFactCheck #DNA #MFCN #FactCheck #Sham_Election  #အတုအယောင်ရွေးကောက်ပွဲ #အာဏာသိမ်းစစ်တပ်