ပရာဝိဟာကျောင်းတော်ကို ကမ္ဘောဒီးယားက စစ်ရေးအတွက် သုံးခဲ့တယ်လို့ UNESCO ဆီ ထိုင်းတင်ပြ

ပျက်စီးဆုံးရှုံးမှုတွေအတွက် ထိုင်းအနေနဲ့ စိတ်မကောင်းဖြစ်ရပြီး ကမ္ဘောဒီးယားက အဆိုပါ ကျောင်းတော်ကို စစ်အခြေစိုက်စခန်းအဖြစ်နဲ့ လက်နက်သိုလှောင်ရုံအဖြစ် အသုံးမပြုခဲ့ဘူးဆိုရင် အခုလို ပျက်စီးမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

 

 ၂၅၊ ဖေဖော်ဝါရီ။ 

 

ပြင်သစ်နိုင်ငံ ပါရီနဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွေကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကရောင်းက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ဌာနချုပ်မှာ ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ 

 

အဲဒီနောက်မှာတော့ ကမ္ဘောဒီးယား အဆင့်မြင့်အရာရှိတွေက နိုင်ငံတကာစင်မြင့်တွေမှာ ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးကို အထောက်အကူမပြုတဲ့ မှတ်ချက်တွေ ပြောနေတာကို ထိုင်းဘက်က စိုးရိမ်တကြီး စောင့်ကြည့်နေတယ်လို့ သူက ဆိုပါတယ်။

 

အဆိုပါတွေ့ဆုံပွဲမှာ UNESCO  အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပရာဝိဟာ (Preah Vihear) ကျောင်းတော်အပေါ် တိုက်ခိုက်မှုတွေအကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်။ 

 

ပျက်စီးဆုံးရှုံးမှုတွေအတွက် ထိုင်းအနေနဲ့ စိတ်မကောင်းဖြစ်ရပြီး ကမ္ဘောဒီးယားက အဆိုပါ ကျောင်းတော်ကို စစ်အခြေစိုက်စခန်းအဖြစ်နဲ့ လက်နက်သိုလှောင်ရုံအဖြစ် အသုံးမပြုခဲ့ဘူးဆိုရင် အခုလို ပျက်စီးမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

 

ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ ယဉ်ကျေးမှုဆိုင်ရာ ကမ္ဘာ့အမွေအနှစ်နေရာကို စစ်ရေးအတွက် အသုံးပြုတာက ပျက်စီးဆုံးရှုံးမှုတွေဆီ ဦးတည်သွားနိုင်တယ်လို့ သူက ပြောပါတယ်။ ထိုင်းဘက်ကတော့ ဘယ်လိုထိခိုက်မှုမျိုးကိုမှ မဖြစ်စေချင်ဘူးလို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

 

UNESCO ဘက်ကတော့ ရှင်းပြချက်ကို နားလည်ပေမဲ့ ကြားနေအဖြစ် ဆက်ရှိနေဖို့အတွက် ဘယ်ဘက်ကမှ မပါဝင်ခဲ့ပါဘူး။ ထိုင်းရဲ့ ရပ်တည်ချက်အတိုင်းပဲ နှစ်ဘက်စလုံး ဆွေးနွေးကြဖို့ပဲ တိုက်တွန်းခဲ့ပါတယ်။

 

ဆီဟာဆတ်ရဲ့ ပြောပြချက်အရ UNESCO ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ထိတွေ့တိုက်ပွဲတွေဖြစ်တုန်းက ပရာဝိဟာ ကျောင်းတော် ဘယ်လိုပျက်စီးသွားလဲဆိုတာနဲ့ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးတွေကို ဘယ်လိုလုပ်မလဲဆိုတာကို စိတ်ဝင်စားနေပါတယ်။

 

ကျောင်းတော်ကို စစ်ဆင်ရေးစခန်းအဖြစ် သုံးတဲ့ကိစ္စမှာတော့ UNESCO က ပါဝင်ပတ်သက်ချင်ပုံ မရပါဘူး။ ဒါပေမဲ့ ပျက်စီးမှုအတိုင်းအတာကို စစ်ဆေးဖို့အတွက် အဖွဲ့တဖွဲ့စေလွှတ်ဖို့တော့ စဉ်းစားနေတယ်လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။ 

 

ပရာဝိဟာ ဘုရားကျောင်းဟာ ကမ္ဘောဒီးယားနိုင်ငံ နယ်နိမိတ်အတွင်း ပေ ၁,၅၀၀ ကျော်မြင့်တဲ့ ဒန်းဂရက် တောင်ကြောပေါ်မှာ ရှိနေတာပါ။ ဒါပေမဲ့ ဒီဘုရားကျောင်းကို ထိုင်းနိုင်ငံဘက်ကနေပဲ သွားလို့ရပါတယ်။

ဒီဘုရားကျောင်းဟာ ကမ္ဘောဒီးယား နိုင်ငံဘက် အခြမ်းမှာ တည်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံးက ၁၉၆၂ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘုရားကျောင်းဘေးမှာရှိတဲ့ မြေကွက်ကိုတော့ ဘယ်သူပိုင်တယ် ဆိုတာကို ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။ အဲဒီအချိန်ကစပြီး ဒီဘုရားကျောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ၂ နိုင်ငံစလုံးက ပူးတွဲ ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ ထိုင်းနိုင်ငံဘက်ကလည်း ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

Ref – The nation thailand