
တနင်္ဂနွေနေ့ကစပြီး စုစုပေါင်း စစ်သည်အင်အား ၉,၅၀၀ လောက်ကိုဖြန့်ကြက်ထားပြီးပြီလို့ အစိုးရက ဆိုပါတယ်။
၂၄၊ ဖေဖော်ဝါရီ။
မက္ကဆီကိုနိုင်ငံရဲ့ နာမည်ကျော် မူးယစ်ရာဇာ သေဆုံးသွားပြီးတဲ့နောက်အကြမ်းဖက်မှုတွေ အရှိန်မြင့်တက်လာတာကြောင့် လုံခြုံရေးတိုးမြှင့်ဖို့အတွက် စစ်သည်အင်အား ထောင်နဲ့ချီပြီး ချထားလိုက်တယ်လို့ နိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၃ရက်နေ့က မက္ကဆီကို အနောက်ဘက်ပိုင်းဒေသကို စစ်သည်အင်အား ၂,၅၀၀ ထပ်တိုးစေလွှတ်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီး ရီကာဒို ထရီဗီလာက ပြောပါတယ်။
တနင်္ဂနွေနေ့ကစပြီး စုစုပေါင်း စစ်သည်အင်အား ၉,၅၀၀ လောက်ကိုဖြန့်ကြက်ထားပြီးပြီလို့ အစိုးရက ဆိုပါတယ်။
အယ်လ်မန်ချိုလို့ လူသိများတဲ့ နီမက်စီယို အိုစီဂူအဲရာ ဆာဗားတီးစ်ဟာ ဂျာလစ်စကိုပြည်နယ်မှာ မက္ကဆီကို အထူးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရပြီးနောက် တနင်္ဂနွေနေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။
သူသေဆုံးပြီးကတည်းက အနည်းဆုံး ပြည်နယ်ပေါင်း ၂၀ လောက်မှာ မငြိမ်မသက်မှုတွေ ဖြစ်ပွားနေတာပါ။
ဂျာလစ်စကို မျိုးဆက်သစ်ဂိုဏ်း (CJNG) ဆိုတာ မက္ကဆီကိုမှာ ကြောက်စရာ အကောင်းဆုံး ရာဇဝတ်ဂိုဏ်းတွေထဲက တခုဖြစ်ပြီး အဲဒီဂိုဏ်းရဲ့ခေါင်းဆောင်ဟာလည်း နိုင်ငံက အလိုအရှိဆုံး တရားခံတဦး ဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားချိန်ကစပြီး ဂျာလစ်စကိုပြည်နယ်မှာတင် မက္ကဆီကို အမျိုးသားရဲတပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ လုံခြုံရေးဝန်ကြီးက ပြောပါတယ်။
အယ်လ်မန်ချိုဟာ ချစ်သူဆီကို သွားရာကနေ လုံခြုံရေးတပ်ဖွဲ့တွေ နောက်ယောင်ခံလိုက်ပြီး ဖမ်းမိခဲ့တာလို့ ကာကွယ်ရေးဝန်ကြီး ထရီဗီလာက ဆိုပါတယ်။
အယ်လ်မန်ချိုဟာ သူ့ရဲ့ သက်တော်စောင့်တွေနဲ့ စစ်တပ်က ကွန်မန်ဒိုတွေကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။
တာပယ်လ်ပါမြို့ကနေ မြို့တော် မက္ကဆီကိုစီးတီးကို စစ်တပ်က ခေါ်ဆောင်သွားတဲ့ လမ်းမှာတင် သူဟာ သေဆုံးသွားခဲ့တာပါ။
အဆိုပါ စစ်ဆင်ရေးအတွင်းမှာ အယ်လ်မန်ချိုရဲ့ လုံခြုံရေးအဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့သလို မက္ကဆီကို စစ်တပ်ဘက်ကလည်း သုံးဦးဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
သူသေဆုံးပြီးနောက် ဖြစ်ပွားတဲ့ မငြိမ်မသက်မှုတွေအတွင်း အကျဉ်းထောင်အစောင့်တဦး၊ ပြည်နယ်အစိုးရ ရှေ့နေရုံး ဝန်ထမ်းတဦးနဲ့ အယ်လ်မန်ချိုရဲ့ရာဇဝတ်ဂိုဏ်းဝင် ၃၀ တို့ သေဆုံးခဲ့တယ်လို့ လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာဟာဖတ်ချ်က ပြောကြောင်း AFP သတင်းဌာနက ဖော်ပြပါတယ်။
မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘမ်းကတော့ အယ်လ်မန်ချိုကို ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးကို ချီးကျူးလိုက်ပြီး နိုင်ငံတဝန်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရဖို့ကိုပဲ သူမအနေနဲ့ ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
“အခုတော့ အားလုံးတည်ငြိမ်နေပါပြီ။ အစိုးရရှိတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိတယ်၊ ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အများကြီး ရှိပါတယ်” လို့ သမ္မတ ရှိန်းဘမ်းက ဆိုပါတယ်။
အယ်လ်မန်ချို သေဆုံးတဲ့သတင်း ပြန့်သွားတာနဲ့ တပြိုင်နက် CJNG ဂိုဏ်းလှုပ်ရှားတဲ့ မြို့တော်တော်များများမှာ အဲဒီဂိုဏ်းဝင်တွေက တိုက်ခိုက်မှုတွေစတင်လုပ်ဆောင်ခဲ့ကြပါတယ်။
မြို့အချို့မှာတော့ လမ်းမပေါ်ကို သံမှိုတွေနဲ့ ခလုတ်တွေ ကြဲချပြီး လမ်းပိတ်တာတွေ လုပ်ကြသလို တချို့မြို့တွေမှာတော့ ဘတ်စ်ကားတွေနဲ့ တခြားကားတွေကိုအတင်းအဓမ္မ လုယူပြီး လမ်းအလယ်မှာ မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ကြပါတယ်။
ပိတ်ထားတဲ့ လမ်းတွေကိုတော့ တနင်္လာနေ့ မနက်ပိုင်းမှာ ရှင်းလင်းပြီးပြီလို့သမ္မတ ရှိန်းဘမ်းက ပြောပါတယ်။
ဒါပေမဲ့လည်း ဂိုဏ်းဝင်တွေ မီးရှို့ဖျက်ဆီးတာကြောင့် ဘဏ်တွေနဲ့ ဒေသတွင်း လုပ်ငန်းပေါင်း ဒါဇင်နဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ဒေသန္တရအာဏာပိုင်တွေက ဒေသခံတွေကို အိမ်ထဲမှာပဲ နေကြဖို့ သတိပေးထားတာကြောင့် တနင်္ဂနွေနေ့က မြို့တော်တော်များများရဲ့ လမ်းမတွေပေါ်မှာလူသူကင်းမဲ့နေပါတယ်။
တနင်္ဂနွေနေ့တုန်းက ဂျာလစ်စကိုပြည်နယ်ရဲ့ မြို့တော် ဂွာဒါလာဂျာရာ မြောက်ဘက်နားက ဆန်အိုင်စီဒရို မြို့မှာ ဂိုဏ်းဝင်တွေနဲ့ မက္ကဆီကို အမျိုးသားရဲတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ဗီဒီယိုတွေကိုလည်း BBC Verify ကအတည်ပြုထားပါတယ်။
အယ်လ်မန်ချိုကို ဖမ်းဆီးနိုင်မယ့် သတင်းအချက်အလက်ပေးနိုင်သူကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လာ ၁၅ သန်း (ဗြိတိန်ပေါင် ၁၁.၁သန်း) ဆုကြေးငွေ ထုတ်ပြန်ထားခဲ့တာပါ။
အယ်လ်မန်ချိုကို ဖမ်းဆီးဖို့ စီးနင်းမှုကိုတော့ မက္ကဆီကို အမျိုးသားရဲတပ်ဖွဲ့နဲ့ လေတပ်ရဲ့ အကူအညီကိုယူပြီး မက္ကဆီကို စစ်တပ်ကလုပ်ဆောင်ခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မူးယစ်ရာဇာကို ဖမ်းဆီးနိုင်ဖို့ အမေရိကန်ဘက်က ဖြည့်စွက်အချက်အလက်တွေပေးပြီး ကူညီခဲ့ပေမဲ့ သူ့ကို သတ်ဖြတ်တဲ့နေရာမှာတော့ အမေရိကန်တပ်ဖွဲ့ဝင်တွေ လုံးဝ မပါဝင်ဘူးလို့ မက္ကဆီကိုအစိုးရက တနင်္လာနေ့မှာအတည်ပြုခဲ့ကြောင်း AFP က ဆိုပါတယ်။
Ref – BBC