အိမ်သာနံရံပေါ်က ရွှံ့တွေကို လျှာနဲ့ လျက်ခိုင်းတဲ့ကိစ္စ ခရိုင်ပညာကို တင်ပြထား

“စောင့်ကြည့်မယ်၊ စောင့်ကြည့်ပြီးတော့မှ လိုချင်တဲ့အဖြေ ထွက်မလာဘူးဆိုရင်တော့ ကျောင်းသားမိဘ တယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့၊ တရားဥပဒေအရ ဖြေရှင်းတဲ့ နည်းနဲ့ ဆက်သွားမယ်လို့တော့ တွေးထားတယ်”

၂၃၊ ဖေဖော်ဝါရီ။

ဟင်္သာတမြို့နယ် အင်္ဂရမ်းအုပ်စု၊ အလကလက်ပံစု(​နောက်)ကျောင်းမှာ အလယ်တန်းပြဆရာမဖြစ်သူက ကျောင်း အိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို ကျောင်းမှာရှိတဲ့ ကျောင်းသားအားလုံးကို လျှာနဲ့လျက်ခိုင်းခဲ့တဲ့ကိစ္စ ခရိုင်ပညာရေးမှူးရုံးဆီ တင်ပြထားပေမယ့် တစုံတရာအကြောင်းမပြန်သေးဘူးလို့ မြို့နယ်ပညာရေးမှူးက ပြောပါတယ်။

“ကျွန်တော်တို့ စိစစ်ပြီး တင်ပေးထားတာပဲ ရှိပါတယ်ခင်ဗျ။ ဘာမှတော့ လောလောဆယ် အကြောင်းပြန်ကြား ခြင်းမရှိသေးပါဘူးဗျ။ ခရိုင်ရုံးကို တင်ပြထားတာပါခင်ဗျာ” လို့ ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးထင်အောင် ကျော်က ပြောပါတယ်။

အလက လက်ပံစု(နောက်)စာသင်ကျောင်းရဲ့ ကျောင်းသားအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို အလယ် တန်းပြဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က တွေ့သွားပြီး ဘယ်သူ လုပ်ထားတာလဲမေးကာ အဖြေမရတဲ့အတွက် ကျောင်းသားအားလုံး (သုံးဆယ်ဝန်းကျင်)ကို ခေါ်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့က လျှာနဲ့ လျက်ခိုင်းခဲ့တာဖြစ်ပါ တယ်။

အဲဒီလို အိမ်သာနံရံမှာ ကပ်နေတဲ့ ရွှံ့စေးတွေကို လျက်ခိုင်းတဲ့အကြောင်း အိမ်ပြန်ရောက်ရင် မိဘတွေကို ပြန်မ ပြောကြဖို့၊ ပြန်ပြောခဲ့ရင် ကျောင်းရောက်လာတဲ့အခါ ရိုက်မယ်လို့လည်း အဲဒီဆရာမက ခြိမ်းခြောက်ပြောဆိုခဲ့ တယ်လို့ ကျောင်းသားတွေက သူတို့မိဘတွေကို ပြန်ပြောခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကို ကျောင်းသားမိဘတွေ သိသွားပြီးတဲ့နောက် ကျောင်းအုပ်ဆရာကြီးဆီ ဖုန်းဆက်တိုင်ကြားခဲ့တာ ကြောင့် ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြို့နယ်ပညာရေးရုံး တာဝန်ရှိသူတွေက လာရောက် စစ်ဆေးခဲ့ပြီး မြို့နယ်ပညာ ရေးရုံးကနေ စစ်ဆေးတွေ့ရှိချက်တွေကို ခရိုင်ပညာရေးမှူးရုံးထိ ထပ်မံတင်ပြထားခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးခဲ့တာ သုံးပတ်ကျော်ရှိပြီဖြစ်ပေမယ့် တစုံတရာအရေးမယူသေးတာဟာ ကြန့်ကြာမှုရှိနေတယ်လို့ ပြော လို့ရပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးစေချင်တယ်လို့ လက်ပံစုရွာမှ အိမ်သာနံရံပေါ်ရှိ ရွှံ့စေး တွေကို လျှာနဲ့ လျက်ခဲ့ရတဲ့ ကျောင်းသားတဦးရဲ့ မိခင်က ပြောပါတယ်။

“ခရိုင်ရုံးကို တင်ပြထားတယ်ဆိုတော့ တင်ပြမှုအဖြေကို စောင့်ကြည့်မယ်ပေ့ါ၊ အခြေအနေ တခုကတော့ လော လောဆယ်မှာတော့ ကြန့်ကြာနေတယ်လို့ ပြောရမယ်၊ စောင့်ကြည့်မယ်၊ စောင့်ကြည့်ပြီးတော့မှ လိုချင်တဲ့အဖြေ ထွက်မလာဘူးဆိုရင်တော့ ကျောင်းသားမိဘ တယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့၊ တရားဥပဒေအရ ဖြေရှင်းတဲ့ နည်းနဲ့ ဆက်သွားမယ်လို့တော့ တွေးထားတယ်” လို့ သူမက ဆိုပါတယ်။

ခရိုင်ပညာရေးရုံးအနေနဲ့ တစုံတရာအရေးမယူပေးရင် ပညာရေးရုံးအဆင့်ဆင့်ထိ တိုင်ကြားသွားမယ်လို့လည်း လက်ပံစုရွာမှ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

“အရှင်းဆုံးပြောရလို့ရှိရင် ဒီလိုမျိုးကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ဆရာမတဦးကို ဘယ်ကျောင်းမှာမှ ရှိမနေစေချင်တာ၊ ကိုယ့်သားသမီးတွေ ခံစားရသလိုမျိုး ဘယ်မိဘရဲ့ သားသမီးကိုမှ အဲဒီလိုမခံစားစေချင်တဲ့အတွက် ဒီကျောင်းဆရာ မကို ထိရောက်တဲ့အရေးယူမှုပေ့ါနော်၊ ပညာရေးလောကကနေပြီးတော့ ထုတ်ပယ်ပစ်တာမျိုးပေ့ါ” လို့ အထက်ပါ ကျောင်းသားမိခင်က ပြောပါတယ်။

တခြားကျောင်းသားမိဘတွေနဲ့ ကျောင်းကော်မတီဝင်တွေကလည်း အဲဒီဆရာမကို သူတို့ရွာကျောင်းမှာ ထပ်မရှိစေ ချင်တော့ဘူးလို့ ပြောကြပါတယ်။

လက်ရှိမှာ အဲဒီဆရာမ ဒေါ်မြမြသွယ်ဟာ အလကလက်ပံစု(နောက်)ကျောင်းကို စာလာပြတာမရှိဘဲ ပျောက်နေ တယ်လို့ ​ဒေသခံတွေက ပြောကြပါတယ်။ “အဲဒီဖြစ်ပြီးကတည်းက ပျောက်နေတာ အခုထိ ကျောင်းကို မရောက် ဘူး” လို့ ရွာသားတဦးက ပြောပါတယ်။

အခုအခါ လက်ပံစု(နောက်)ကျောင်းမှာ မူလတန်းကလေးငယ်တွေကို စာမေးပွဲစစ်ပြီးပြီ ဖြစ်ပေမယ့် အလယ်တန်း ကလေးတွေကိုတော့ စာမေးပွဲမစစ်ရသေးဘူးလို့ သိရပါတယ်။

ကျောင်းသားတွေကို အိမ်သာနံရံ လျက်ခိုင်းခဲ့တဲ့ ဆရာမဒေါ်မြမြသွယ်ကို DNA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ် ပါတယ်။ ကျောင်းအုပ်ဆရာမကြီးနဲ့ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူတွေဟာ အခုဖြစ်စဉ်နဲ့ ပက်သက်ပြီး မီဒီယာ တွေကို ထုတ်ဖော်မပြောကြဖို့ ရွာသားတွေကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။