တင်းမာမှုတွေ မြင့်တက်နေတဲ့ အီရန်နဲ့ အမေရိကန် ဆွေးနွေးပွဲ ပြုလုပ်မယ်

ဒေသတွင်း ကြားဝင်စေ့စပ်ပေးနေတဲ့ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဘဒါ အယ်လ်ဘူဆိုင်ဒီကတော့ သဘောတူညီချက် အချောသတ်နိုင်ဖို့ အပြုသဘောဆောင်တဲ့ တွန်းအားတွေနဲ့အတူ ကြာသပတေးနေ့ ဂျီနီဗာမြို့မှာ ဆွေးနွေးပွဲတွေ ပြန်စမှာ ဖြစ်တယ်လို့ ပြောပါတယ်။

၂၃၊ ဖေဖော်ဝါရီ။

အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်က စစ်အင်အား အလုံးအရင်းနဲ့ တိုးချဲ့ချထားနေပေမဲ့ လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့ မှာ အမေရိကန်ကိုယ်စားလှယ်တွေနဲ့ ပြန်လည်စတင်မယ့် ဆွေးနွေးပွဲကနေ ပဋိပက္ခအသစ်တွေကို တားဆီးနိုင်မယ့် သဘောတူညီချက်တခုဆီ ဦးတည်သွားနိုင်ဖို့အီရန်အရာရှိတွေက မျှော်လင့်နေကြပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေမတိုင်ခင်မှာ ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက် အသေးစိတ်ကို ရေးဆွဲနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီက တနင်္ဂနွေနေ့မှာ CBS News ကို ပြောပါတယ်။

ဝါရှင်တန်ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ကတော့ တီဟီရန်အနေနဲ့ဘာကြောင့် အခုထိ အညံ့မခံ သေးတာလဲဆိုတာကို လူသိရှင်ကြားမေးခွန်းထုတ်ခဲ့ပါတယ်။

ဒေသတွင်း ကြားဝင်စေ့စပ်ပေးနေတဲ့ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဘဒါ အယ်လ်ဘူဆိုင်ဒီကတော့ သဘောတူညီချက် အချောသတ်နိုင်ဖို့ အပြုသဘောဆောင်တဲ့ တွန်းအားတွေနဲ့အတူ ကြာသပတေးနေ့ ဂျီနီဗာမြို့မှာ ဆွေးနွေးပွဲတွေ ပြန်စမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြမှုတွေကို အစိုးရကနှိမ်နင်းခဲ့လို့ လူပေါင်းထောင်ချီ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုပြီးနောက်ပိုင်း အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေ ပိုများလာခဲ့ပါတယ်။

“အမေရိကန်က တိုက်လာရင် ကျွန်တော်တို့မှာ ခုခံပိုင်ခွင့်ရှိတယ်” လို့ အာရတ်ချီက ပြောပါတယ်။ ဒါဟာ ဒေသတွင်းက အမေရိကန်ရဲ့ အကျိုးစီးပွားတွေကိုပစ်မှတ်ထားတိုက်ခိုက်နိုင်တယ်ဆိုတာကို ရည်ညွှန်းပြောဆိုလိုက်တာပါ။

“သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိနေပါသေးတယ်” လို့ သူက ဆက်ပြောပါတယ်။

အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်ကလည်း အရင်ဆွေးနွေးပွဲတွေမှာ”အားတက်စရာ လက္ခဏာတွေ တွေ့ခဲ့ရတယ်” လို့ လူမှုကွန်ရက်ကနေ ပြောခဲ့ပါတယ်။

မကြာသေးခင်က ဂျီနီဗာမှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေ အပြီးမှာတော့ စစ်ရေးအရ ထိပ်တိုက်တွေ့တာကို ရှောင်လွှဲနိုင်မယ့် သဘောတူညီချက် မူကြမ်းတခုကို ပြင်ဆင်နေတယ်လို့ အီရန်ဘက်က ပြောပါတယ်။

“အခုလာမယ့် ကြာသပတေးနေ့ ဂျီနီဗာမှာ ထပ်တွေ့ကြတဲ့အခါအချက်အလက်တွေကို အသေးစိတ်ညှိနှိုင်းပြီး ကောင်းမွန်တဲ့ စာသားတွေနဲ့သဘောတူညီချက်တခုကို အမြန်ဆုံး ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်” လို့ အာရတ်ချီက CBS ကို ပြောပါတယ်။

တကယ်လို့ အီရန်က သူတို့ရဲ့ အဆိုပြုချက်ကို နောက်ထပ် ၄၈ နာရီအတွင်းတင်ပြမယ်ဆိုရင် ဝါရှင်တန်အနေနဲ့ အခုအပတ်နှောင်းပိုင်းမှာ ထပ်တွေ့ပြီးအသေးစိတ် ညှိနှိုင်းမှုတွေစဖို့ အသင့်ရှိနေတယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိတဦးကို ကိုးကားပြီး Axios သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ အပတ်တွေအတွင်းမှာ လေယာဉ်တင်သင်္ဘော နှစ်စင်းအပြင် တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို အရှေ့အလယ်ပိုင်းကိုစေလွှတ်ခဲ့ပါတယ်။

စစ်ရေးအရ ကြားဝင်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အထောက်အကူပြုဖို့ ဒေသတွင်းက လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကိုလည်း အားဖြည့်ထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အဓိကညှိနှိုင်းရေးမှူး ဝစ်ကော့ဖ်ကတော့ အီရန်ဟာ ဒီလောက်ဖိအားပေးနေတာတောင် ဘာကြောင့် အခုထိ အလျော့မပေးသေးတာလဲဆိုပြီး သမ္မတကမေးခွန်းထုတ်နေတယ်လို့ စနေနေ့ Fox News အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

“သူတို့ ဘာကြောင့် မလုပ်သေးတာလဲဆိုတာကို သမ္မတက သိချင်နေတယ်။အညံ့ခံတယ်ဆိုတဲ့ စကားလုံးကိုတော့ ကျွန်တော် မသုံးချင်ပါဘူး၊ ဒါပေမဲ့ ဘာလို့ အခုထိ အညံ့မခံကြသေးတာလဲ” လို့ သူက ဆိုပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ ဗုံးလုပ်ဖို့ ရည်ရွယ်တယ်လို့ အနောက်နိုင်ငံ အစိုးရတွေက စိုးရိမ်နေကြပေမဲ့ တီဟီရန်ဘက်ကတော့ ဒါကိုအမြဲငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အရပ်ဘက်သုံးအတွက် ယူရေနီယံ သန့်စင်ပိုင်ခွင့် ရှိတယ်လို့တော့ အီရန်က အခိုင်အမာ ပြောနေပါတယ်

ယူရေနီယံ သန့်စင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အီရန်မှာ “ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝ ရှိတယ်” လို့ အာရတ်ချီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Ref – AFP