အခွန်ကိစ္စ ဗဟိုပြုမယ့် ထရမ့်ရဲ့ တရုတ်ခရီးစဉ် ထွက်ပေါ်လာ

အမေရိကန်သမ္မတတဦးအနေနဲ့ တရုတ်နိုင်ငံကို နောက်ဆုံးသွားခဲ့တာကတော့ ထရမ့်ရဲ့ ၂၀၁၇ ဘေဂျင်း ခရီးစဉ် ဖြစ်ပါတယ်။

၂၁၊ ဖေဖော်ဝါရီ။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အလွန်အရေးပါတဲ့ တွေ့ဆုံပွဲအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့် မတ်လ၃၁ ရက်ကနေ ဧပြီ ၂ ရက်အထိ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ထရမ့် ပြဌာန်းထားတဲ့ သွင်းကုန်ခွန် အများအပြားကို တရားလွှတ်တော်ချုပ်ကပယ်ဖျက်လိုက်တဲ့အချိန်မှာပဲ အဆိုပါ ခရီးစဉ်သတင်း ထွက်ပေါ်လာတာပါ။

ပြိုင်ဘက် တရုတ်နိုင်ငံအပေါ် ချမှတ်ထားတဲ့ အခွန်တွေအပါအဝင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲမှာ ထရမ့် အသုံးပြုခဲ့တဲ့ အကောက်ခွန် အတော်များများကို အမေရိကန် တရားလွှတ်တော်ချုပ်က ပယ်ချလိုက်ပြီး ထရမ့်ကို အကြီးအကျယ် ရှုံးနိမ့်စေခဲ့ပြီးတဲ့နောက် သောကြာနေ့မှာ အိမ်ဖြူတော် တာဝန်ရှိသူတဦးက ဒီခရီးစဉ်ကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဘေဂျင်းကို သွားမယ့် ထရမ့်ရဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံလုံးက အကောက်ခွန်တွေ ထပ်မတိုးဖို့ ကတိပြုထားတဲ့ကုန်သွယ်ရေး ယာယီရပ်စဲမှုကို သက်တမ်းတိုးဖို့ကိစ္စတွေအပေါ် အဓိကထားမယ်လို့မျှော်လင့်ရပါတယ်။

တရုတ်နိုင်ငံဘက်က တရားမဝင် ဖန်တနော မူးယစ်ဆေးဝါး ကုန်သွယ်မှုကို နှိမ်နင်းပေးဖို့ ၊  သတ္တုရိုင်း တင်ပို့မှု ကန့်သတ်ချက်တွေကို ရပ်ဆိုင်းပေးဖို့ဆိုတဲ့ကတိကဝတ်တွေအတွက် အပြန်အလှန်အနေနဲ့ ထရမ့်က တရုတ်ကုန်စည်တွေအပေါ်အကောက်ခွန် လျှော့ချပေးခဲ့ပါတယ်။

ဒါကြောင့် မကြာသေးခင်ကမှ တည်ငြိမ်စပြုလာတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အခုလိုတရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ထပ် မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။

နိုင်ငံတကာ အရေးပေါ် စီးပွားရေး လုပ်ပိုင်ခွင့်အာဏာ အက်ဥပဒေ (IEEPA) အရ အမေရိကန်ကို တင်သွင်းတဲ့ တရုတ်ကုန်စည်တွေအပေါ် ၂၀ ရာခိုင်နှုန်း အကောက်ခွန်သတ်မှတ်ခဲ့တာပါ။

ဒါပေမဲ့ ထရမ့်ဟာ သူ့ရဲ့လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ဆောင်ခဲ့တယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါ အကောက်ခွန်တွေဟာ ဖန်တနော ဖြန့်ဖြူးမှုနဲ့ကုန်သွယ်ရေး မညီမျှမှုဆိုင်ရာ အမျိုးသား အရေးပေါ်အခြေအနေတွေနဲ့ ဆက်စပ်ပြီးပြဌာန်းထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၃၀၁ နဲ့ ပုဒ်မ ၂၃၂ လို့ သိကြတဲ့ ကုန်သွယ်ရေး အာဏာပိုင်အဖွဲ့တွေရဲ့ ဥပဒေအရချမှတ်ထားတဲ့ တရုတ်ကုန်စည်တွေအပေါ် တခြား အခွန်စည်းကြပ်မှုတွေကတော့ဆက်ရှိနေဆဲပါပဲ။

ထရမ့်အနေနဲ့ အကောက်ခွန် ဘယ်လောက်အထိ ပြန်လည်သတ်မှတ်မလဲဆိုတာချက်ချင်း မသိရသေးပေမဲ့ ကမ္ဘာလုံးဆိုင်ရာ အကောက်ခွန်သစ် ၁၀ ရာခိုင်နှုန်းကို ရက်ပေါင်း ၁၅၀ ကြာ သတ်မှတ်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတတဦးအနေနဲ့ တရုတ်နိုင်ငံကို နောက်ဆုံးသွားခဲ့တာကတော့ ထရမ့်ရဲ့ ၂၀၁၇ ဘေဂျင်း ခရီးစဉ် ဖြစ်ပါတယ်။

 

Ref – Reuters