ဧရာဝတီတိုင်းအတွင်း လေထုညစ်ညမ်းမှု အဆမတန် မြင့်တက်လာနိုင်

“လေထုညစ်ညမ်းတဲ့အခါ အဓိကကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာမယ်။ ပန်းနာရင်ကြပ်ရှိသူတွေ အတော်လေး သတိထားသင့်တယ်။ နောက်တခါ ရှုရတဲ့လေက မသန့်တော့ အသက်ရှုမဝက ခေါင်းကိုက်တာ၊ မျက်လုံးတွေစပ်တာ၊ အသက်ရှုမဝတော့ မအီမသာဖြစ်ပြီး နုံးခွေတာတွေ ဖြစ်တတ်တယ်။ နှလုံးရောဂါနဲ့ အဆုတ်မှာ ပြဿနာရှိတဲ့သူတွေ အထူးသတိထားသင့်တယ်”

၂၀၊ ဖေဖော်ဝါရီလ။

ဧရာဝတီတိုင်းအတွင်း ဒီနေ့က စတင်ပြီး ၃ ရက်တာအတွင်း လေထုညစ်ညမ်းမှုနူန်း အဆမတန် မြင့်တက်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဂရုစိုက်ကြဖို့ မိုးဇလကျွမ်းကျင်သူတွေနဲ့ ဆရာဝန်တွေက သတိပေးထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ ၂၃ ရက်နေ့အထိ လေထုညစ်ညမ်းမှု အညွှန်းကိန်းဟာ ၂၀၀ မိုက်ခရိုဂရမ်/ကုဗမီတာရဲ့ အထက်ကို ရောက်ရှိလာနိုင်ချေ ရှိနေပြီး သင့်တော်တဲ့ လေထုအရည်အသွေးဟာ ၂၅ မိုက်ခရိုဂရမ်/ကုဗမီတာ မှာသာရှိသင့်တာကြောင့် အလွန်မြင့်တက်လာဖို့ ရှိတယ်လို့ မိုးဇလ ပညာရှင်တွေက DNA ကိုပြောပါတယ်။

“အခု လေထုညစ်ညမ်းတဲ့ အခြေအနေက ပုံမှန်ထက် နည်းနည်းစောတယ်လို့ မြင်ပါတယ်။ မတ်လထဲလောက်မှ အပူပိုပြင်းပြီး လေထုညစ်ညမ်းမှုတွေ စတာပါ။ အခုက အိန္ဒိယ/ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်လာတဲ့ လေစီးကြောင်းကြောင့် ပင်လယ်ထဲ/ပင်လယ်လေမှာကို သန့်ရှင်းမှုအားနည်းနေတာ တွေ့ရပါတယ် ” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ရှင်းပြပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ဒီရက်ပိုင်းအတွင်း မြူကျဆင်းတယ်ဆိုတဲ့ အခြေအနေဟာ မြူကျဆင်းတာမဟုတ်ပဲ လေထုညစ်ညမ်းခြင်းသာ ဖြစ်သလို ဓာတုအဆိပ်သင့် ဓာတ်တမျိုးဖြစ်တဲ့ ကာဗွန်မိုနောက်ဆိုဒ် ပါဝင်မှုနူန်းလည်း မြင့်တက်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

“လေထုညစ်ညမ်းတဲ့အခါ အဓိကကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာမယ်။ ပန်းနာရင်ကြပ်ရှိသူတွေ အတော်လေး သတိထားသင့်တယ်။ နောက်တခါ ရှုရတဲ့လေက မသန့်တော့ အသက်ရှုမဝက ခေါင်းကိုက်တာ၊ မျက်လုံးတွေစပ်တာ၊ အသက်ရှုမဝတော့ မအီမသာဖြစ်ပြီး နုံးခွေတာတွေ ဖြစ်တတ်တယ်။ နှလုံးရောဂါနဲ့ အဆုတ်မှာ ပြဿနာရှိတဲ့သူတွေ အထူးသတိထားသင့်တယ်”လို့ CDM ဆရာဝန်တဦးက ပြောပါတယ်။

ဒီလိုလေထုညစ်ညမ်းမှု မြင့်တက်လာတဲ့ အခြေအနေဟာ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအတွင်းမှာလည်း ဖြစ်ပေါ်နေပြီး ဒီလိုဖြစ်ပေါ်ရတဲ့ အဓိက အကြောင်းအရင်းဟာ မီးရှို့မှု၊ မီးလောင်မှုတွေအပြင် အိန္ဒယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တိုက်ခတ်လာတဲ့ ပင်လယ်လေစီးကြောင်းမှာကိုက ညစ်ညမ်းနေတာဖြစ်တယ်လို့ မိုးဇလ ပညာရှင်တွေက ဆိုပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီ ၂၅ ရက်ဝန်းကျင်မှာ ဧရာဝတီတိုင်းအတွင်း မိုးဖွဲလေးတွေ ကျဖို့လည်း ရှိနေတာကြောင့် ဒီလိုမိုးဖွဲကျပြီးချိန်မှာ လေထုညစ်ညမ်းမှုဟာ လျော့ကျသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

လေထုအတွင်းအမှုန်အမွှားပါဝင်မှုနှုန်း PM2.5 ဟာ လေထုတွင်း နေ့စဉ်ပါဝင်မှု ၂၅ မိုက်ခရိုဂရမ်/ကုဗမီတာ ကျော်ရင် အန္တရာယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထုတ်ပြန်ထားပါတယ်။