
“မော်တင်ကမ်းခြေက အရင်လို အကိုတို့ ငယ်ဘဝ သွားခဲ့တဲ့ အငွေ့အသက်တွေ ဘာတခုမှ မရှိတော့ပါဘူး။ အရာရာ ပြောင်းလဲသွားခဲ့ပြီ။ လူနေထိုင်မှု စရိုက်ပတ်ဝန်းကျင်၊ ဘုရားကိုအကြောင်းပြ စျေးကွက်စီးပွား တည်နေတဲ့ အရာတခုဖြစ်သွားပါပြီ။ ကိုယ့်ဒေသ ဘုရားဖူး လာကြတာကို အချဉ်တွေလာပြီ ရိုက်ကြမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ လုပ်ပွဲလား၊ ဘုရားပွဲလား၊ လူတိုင်းသိကြပါတယ်”
၂၁၊ ဇန်နဝါရီ။
ဧရာဝတီတိုင်းရဲ့ အထင်ကရဖြစ်တဲ့ ဆံတော်ရှင် မော်တင်စွန်း ဘုရားပွဲတော်ကို လာကြတဲ့ ဘုရားဖူးတွေဟာ သင်္ဘောလက်မှတ်တွေကို သတ်မှတ်ထားတဲ့ အရောင်းဌာနမှာ ဝယ်လို့မရဘဲ ပြင်ပမှောင်ခိုဈေးကွက်မှာ သတ်မှတ်ဈေးထက် ပိုပေးပြီး ဝယ်နေရပါတယ်။
“အမှန်တကယ် ခရီးသွားမယ့်သူတွေက ဘွတ်ကင်ယူထားတာ ရှိသလို လက်မှတ်ကို မှောင်ခိုရောင်းချင်တာနဲ့ စျေးတင်ရောင်းချင်တဲ့ လူတချို့ကလည်း ရည်ရွယ်ချက်ရှိရှိ ဘွတ်ကင်ယူထားကြတာလည်း ရှိတယ်”လို့ ခမောက်မော်ဒေသခံတဦးက DNA ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး ကျင်းပနေတဲ့ မော်တင်စွန်းဘုရား ပွဲတော်ကို သွားဖို့ ပုသိမ်မြို့က လက်မှတ်အရောင်းဌာနတွေမှာ လက်မှတ်ကုန်ပြီလို့ ပြောတာကြောင့် ဘုရားဖူးတွေ အခက်တွေ့နေရတာပါ။ ဘုရားပွဲကိုတော့မတ်လ ၂ ရက်အထိ ကျင်းပသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ သင်္ဘောလက်မှတ်စျေးနှုန်းတွေဟာ လူတဦးကို ၁၂,၀၀၀ ကျပ်၊ ပန်ကာအခန်းတခန်းကို ၄၀,၀၀၀ ကျပ်နဲ့ အဲကွန်းခန်းတခန်းကို ၆၀,၀၀၀ ကျပ်ဆိုပြီး ပုံမှန်စျေး အဖြစ် သတ်မှတ်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
“အပြင်မှောင်ခိုပေါက်စျေးက သောင်းလေးထောင်၊ တသောင်းခွဲ ဆိုပြီး အစားအစား ပေါက်နေတယ်”လို့ ပြင်ပမှောင်ခို စျေးကွက်မှာ လက်မှတ်ဝယ်ယူခဲ့တဲ့ ခရီးသွားတဦးက ရှင်းပြပါတယ်။တချို့ကလည်း လူကြည့်ပြီး စျေးတင်ရောင်းတာတွေလည်းရှိတာကြောင့် လက်ရှိအွန်လိုင်းမှာထွက်ပေါ်နေတဲ့ သတင်းတွေအတိုင်း စျေးနှစ်ဆနီးပါး ပေးနေရတာတွေလည်း ဖြစ်နိုင်တယ်လို့သူက ဆက်ပြောပါတယ်။
“မော်တင်ကမ်းခြေက အရင်လို အကိုတို့ ငယ်ဘဝ သွားခဲ့တဲ့ အငွေ့အသက်တွေ ဘာတခုမှ မရှိတော့ပါဘူး။ အရာရာ ပြောင်းလဲသွားခဲ့ပြီ။ လူနေထိုင်မှု စရိုက်ပတ်ဝန်းကျင်၊ ဘုရားကိုအကြောင်းပြ စျေးကွက်စီးပွား တည်နေတဲ့ အရာတခုဖြစ်သွားပါပြီ။ ကိုယ့်ဒေသ ဘုရားဖူး လာကြတာကို အချဉ်တွေလာပြီ ရိုက်ကြမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ လုပ်ပွဲလား၊ ဘုရားပွဲလား၊ လူတိုင်းသိကြပါတယ်”လို့ ပုသိမ်မြို့ခံတဦးက DNA ကို ပြောပါတယ်။
မော်တင်စွန်းဘုရားပွဲတော်ကို ကိုဗစ်ကာလမှာလည်း အကျဉ်းချုံး ကျင်းပခဲ့ရသလို ပြီးခဲ့နှစ်က၂၀၂၅ ခုနှစ်ကလည်း မော်တင်စွန်းဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ မတ်လ ၁၃ရက်နေ့အထိ ကျင်းပခဲ့ပြီး လုံခြုံရေး အခြအနေတွေကြောင့် လူသိပ်မစည်ကားခဲ့ပေမဲ့ ဒီနှစ်မှာတော့ မနှစ်ကထက် ပိုမို စည်ကားတာကို မြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။