
အမေရိကန်ဟာ ကုလသမဂ္ဂရဲ့ ဘတ်ဂျက်အတွက် အများဆုံး ထည့်ဝင်နေတဲ့နိုင်ငံဖြစ်ပေမဲ့ ထရမ့်အစိုးရ လက်ထက်မှာတော့ ပုံမှန်အသုံးစရိတ်နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းတွေအတွက် မဖြစ်မနေ ပေးဆောင်ရမယ့် ငွေတွေကို မပေးဘဲ ငြင်းဆန်ထားသလို သီးခြားဘတ်ဂျက်နဲ့ ရပ်တည်နေတဲ့ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေကို မိမိသဘောအလျောက်ထောက်ပံ့နေတဲ့ ရန်ပုံငွေတွေကိုလည်း ဖြတ်တောက်ထားပါတယ်။
၂၀၊ ဖေဖော်ဝါရီ။
အမေရိကန်ပြည်ထောင်စုဟာ ကုလသမဂ္ဂကို ပေးဆောင်ဖို့ ကျန်နေတဲ့ ကြွေးမြီ ဒေါ်လာ လေးဘီလီယံကျော်ထဲက ဒေါ်လာ ၁၆၀ သန်းခန့်ကို ပေးချေလိုက်ပြီလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့မှာ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကိုမှေးမှိန်သွားစေနိုင်တယ်လို့ ပညာရှင်တွေ ဝေဖန်နေကြတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ရဲ့ ပထမဆုံး အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေချိန်မှာ အခုလိုပေးချေလိုက်တာပါ။
“ပြီးခဲ့တဲ့ အပတ်က ကုလသမဂ္ဂရဲ့ ပုံမှန်အသုံးစရိတ်အတွက် အရင်က ကျန်နေတဲ့ အကြွေးတွေထဲက တစိတ်တပိုင်းအဖြစ် အမေရိကန်ဆီကနေ ဒေါ်လာ၁၆၀ သန်းလောက် ရရှိခဲ့ပါတယ်” လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထရမ့်ကတော့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အစည်းအဝေး ဖွင့်ပွဲမိန့်ခွန်းထဲမှာ ဝါရှင်တန်အနေနဲ့ ကုလသမဂ္ဂ ပိုမိုခိုင်မာလာအောင် ငွေကြေးထောက်ပံ့သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အမေရိကန်ဟာ ကုလသမဂ္ဂရဲ့ ဘတ်ဂျက်အတွက် အများဆုံး ထည့်ဝင်နေတဲ့နိုင်ငံဖြစ်ပေမဲ့ ထရမ့်အစိုးရ လက်ထက်မှာတော့ ပုံမှန်အသုံးစရိတ်နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းတွေအတွက် မဖြစ်မနေ ပေးဆောင်ရမယ့် ငွေတွေကို မပေးဘဲ ငြင်းဆန်ထားသလို သီးခြားဘတ်ဂျက်နဲ့ ရပ်တည်နေတဲ့ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေကို မိမိသဘောအလျောက်ထောက်ပံ့နေတဲ့ ရန်ပုံငွေတွေကိုလည်း ဖြတ်တောက်ထားပါတယ်။
ဒါ့အပြင် ဝါရှင်တန်ဟာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းပေါင်း ဒါဇင်နဲ့ချီဆီကနေလည်း နုတ်ထွက်ထားပါသေးတယ်။
ဖေဖော်ဝါရီလ အစပိုင်းအထိ ကုလသမဂ္ဂရဲ့ ပုံမှန်ဘတ်ဂျက်အတွက် အမေရိကန်က ပေးဖို့ကျန်နေတဲ့ ကြွေးမြီဟာ ဒေါ်လာ ၂.၁၉ ဘီလီယံ ရှိနေတယ်လို့ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ တကမ္ဘာလုံးက နိုင်ငံတွေ ကုလသမဂ္ဂကို ပေးဖို့ကျန်နေတဲ့ စုစုပေါင်းကြွေးမြီရဲ့ ၉၅ ရာခိုင်နှုန်းကျော်တောင် ရှိနေတာပါ။
ဒါတင်မကသေးဘဲ လက်ရှိနဲ့ အရင်က ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွေအတွက် ဒေါ်လာ ၂.၄ ဘီလီယံနဲ့ ကုလသမဂ္ဂ ခုံရုံးတွေအတွက် ဒေါ်လာ၄၃.၆ သန်း ပေးဖို့လည်း ကျန်နေပါသေးတယ်။
“ကျွန်တော်တို့ သူတို့ကို ငွေကြေးအရ ကူညီသွားမှာဖြစ်သလို ကုလသမဂ္ဂဆက်လက်ရပ်တည်နိုင်အောင်လည်း လုပ်ဆောင်သွားမှာပါ” လို့ ထရမ့်ကပြောပါတယ်။
“ကုလသမဂ္ဂမှာ တကယ့်ကို ကြီးမားတဲ့ အလားအလာတွေ ရှိတယ်လို့ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ အခုထိတော့ အဲဒီ အလားအလာတွေအတိုင်းဖြစ်မလာသေးပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ထရမ့်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲကိုဝင်ဖို့အတွက် Global South က အင်အားကြီးနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေတောင် ဝန်လေးနေကြပါတယ်။
ပညာရှင် အများအပြားကတော့ အဆိုပါအဖွဲ့မျိုး ဖွဲ့စည်းတာဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ပျက်ပြားစေတယ်လို့ ဆိုကြပါတယ်။
ထရမ့်ဟာ ဂါဇာမှာဖြစ်နေတဲ့ အစ္စရေးစစ်ပွဲကို အဆုံးသတ်ရေး သူ့ရဲ့ အစီအစဉ်တစိတ်တပိုင်းအနေနဲ့ ဘုတ်အဖွဲ့ကို ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ အဆိုပြုခဲ့ပြီး ပြီးခဲ့တဲ့လက စတင်ဖွဲ့စည်းခဲ့တာပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ဘုတ်အဖွဲ့ကို ၂၀၂၇အထိ အသိအမှတ်ပြုထားပြီး လုပ်ပိုင်ခွင့်ကိုလည်း ဂါဇာဒေသတခုတည်းမှာပဲကန့်သတ်ထားပါတယ်။
အဲဒီဒေသဟာ နှစ်နှစ်ကျော်ကြာ အစ္စရေးရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့ ပါလက်စတိုင်း နယ်မြေဖြစ်ပါတယ်။
ထရမ့်ရဲ့ စစ်ပွဲအဆုံးသတ်ရေး အစီအစဉ်အရ ဘုတ်အဖွဲ့ဟာ ဂါဇာရဲ့ ယာယီအုပ်ချုပ်ရေးကို ကြီးကြပ်ဖို့ ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ ထရမ့်က ဒီအဖွဲ့ဟာဂါဇာတင်မကဘဲ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကိုပါ ကိုင်တွယ်ဖြေရှင်း သွားမယ်လို့ ပြောလာပါတယ်။
နိုင်ငံခြားနယ်မြေတခုရဲ့ အရေးကိစ္စတွေကို ကြီးကြပ်ဖို့ ထရမ့်က ဘုတ်အဖွဲ့တခုကို ဦးဆောင်နေတာဟာ ကိုလိုနီစနစ် ပုံစံမျိုး ဖြစ်နေတယ်လို့ ကုလသမဂ္ဂပညာရှင်တွေက ထောက်ပြကြသလို အဆိုပါ အဖွဲ့ထဲမှာ ပါလက်စတိုင်းကိုယ်စားလှယ် မပါဝင်တာကိုလည်း ဝေဖန်နေကြပါတယ်။
ကြာသပတေးနေ့က ကျင်းပတဲ့ အဆိုပါ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အစည်းအဝေးကို ကုလသမဂ္ဂဘက်က ကိုယ်စားလှယ် တယောက်မှ မတက်ခဲ့ဘူးလို့ သိရပါတယ်။
Ref – Reuters