အက်ပ်စတိုင်းနဲ့ ဆက်နွယ်တဲ့သတင်းတွေ ထွက်နေချိန် AI ညီလာခံမှာ မိန့်ခွန်းပြောမယ့် အစီအစဉ် ဘီလ်ဂိတ်စ် ဖျက်သိမ်း

“ဘီလ်ဂိတ်စ်ဟာ AI Impact Summit ကို တက်ရောက်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့အတိုင်း မိန့်ခွန်းပြောကြားမှာပါ” လို့ ဂိတ်စ်ဖောင်ဒေးရှင်းကအခိုင်အမာ ပြောခဲ့ပြီး ၄၈ နာရီတောင် မပြည့်ခင်မှာပဲ အခုလို ဆုံးဖြတ်ချက်ပြောင်းလဲသွားတာပါ။

၂၀၊ ဖေဖော်ဝါရီ။

ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူ ၊ ကွယ်လွန်သူ ဂျက်ဖရီ အက်ပ်စတိုင်းနဲ့ ပတ်သက်ပြီး သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးအပေါ် မေးခွန်းတွေဆက်တိုက် ရင်ဆိုင်နေရချိန်မှာပဲ ဘီလ်ဂိတ်စ်ဟာ အိန္ဒိယမှာကျင်းပတဲ့ AI Impact Summit မှာ မိန့်ခွန်း ပြောကြားမယ့် ဖျက်သိမ်းလိုက်ပါတယ်။

အိန္ဒိယအစိုးရနဲ့ ပူးပေါင်းပြီး လူမှုအကျိုးပြု AI လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဘီလ်ဂိတ်စ်ဟာ ဒီအပတ်အစောပိုင်းကတည်းက အိန္ဒိယကို ရောက်ရှိနေခဲ့တာပါ။

သူဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ မိန့်ခွန်းပြောပြီးတာနဲ့ အဆိုပါ နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲမှာ စကားပြောဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်၊

ဒါပေမဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ အိန္ဒိယရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် မူကေ့ရှ် အမ်ဘာနီတို့ အပါအဝင် ကိုယ်စားလှယ်တွေကို မိန့်ခွန်းမပြောခင် နာရီပိုင်းအလို ဖေဖော်ဝါရီ ၁၆ရက်နေ့ မနက်မှာပဲ ဘီလ်ဂိတ်စ်က ရုတ်တရက် နုတ်ထွက်လိုက်တာပါ။

ဂိတ်စ်ဖောင်ဒေးရှင်းက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ “သေချာစဉ်းစားသုံးသပ်ပြီးတဲ့နောက်မှာ AI ထိပ်သီးဆွေးနွေးပွဲရဲ့ အဓိကဦးစားပေးအချက်တွေကိုပဲ လူတွေအာရုံစိုက်နိုင်အောင် မစ္စတာဂိတ်စ်အနေနဲ့ အဓိကမိန့်ခွန်းကိုပြောကြားတော့မှာ မဟုတ်ပါဘူး” လို့ ဖော်ပြထားပါတယ်။

“ဘီလ်ဂိတ်စ်ဟာ AI Impact Summit ကို တက်ရောက်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့အတိုင်း မိန့်ခွန်းပြောကြားမှာပါ” လို့ ဂိတ်စ်ဖောင်ဒေးရှင်းကအခိုင်အမာ ပြောခဲ့ပြီး ၄၈ နာရီတောင် မပြည့်ခင်မှာပဲ အခုလို ဆုံးဖြတ်ချက်ပြောင်းလဲသွားတာပါ

အဆိုပါပွဲရဲ့ ရည်ရွယ်ချက်ကို ဘယ်အရာက အနှောင့်အယှက်ဖြစ်စေမှာလဲဆိုတာကို ဖောင်ဒေးရှင်းဘက်က ရှင်းရှင်းလင်းလင်း မပြောခဲ့ပေမဲ့ ဇန်နဝါရီလနှောင်းပိုင်းက ထွက်ပေါ်လာတဲ့ အက်ပ်စတိုင်းရဲ့ မှတ်တမ်းအသစ်တွေကတော့ အရှုပ်တော်ပုံထဲက ငွေကြေးဓနရှင် အက်ပ်စတိုင်းနဲ့ ဂိတ်စ်ရဲ့ပတ်သက်မှုအပေါ် ဝေဖန်မှုတွေကို ပိုပြီး ပြင်းထန်လာစေခဲ့ပါတယ်။

အက်ပ်စတိုင်းရဲ့ မှတ်တမ်းအသစ်တွေမှာ ဂိတ်စ်ဟာ ရုရှားမိန်းကလေးတွေနဲ့ ပတ်သက်ခဲ့ပြီးတဲ့နောက် ကူးစက်တတ်တဲ့ လိင်ပိုင်းဆိုင်ရာရောဂါတခုကို ရပြီး အဲဒီအချိန်က ဇနီးဖြစ်သူကိုတောင် မပြောဘဲ ဖုံးကွယ်ထားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂိတ်စ်က အက်ပ်စတိုင်းနဲ့ သိခဲ့ရတာကို နောင်တရတယ်လို့ ပြောခဲ့ပါတယ်။

အက်ပ်စတိုင်းရေးသားခဲ့တဲ့ အီးမေးလ်မူကြမ်းတခုမှာ ပါဝင်တဲ့ အဆိုပါ စွပ်စွဲချက်ဟာ မမှန်ဘူးလို့ သူက ငြင်းဆိုခဲ့ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းနဲ့ ပတ်သက်ခဲ့မှုတွေအတွက် တောင်းပန်ခဲ့ပါတယ်။

အခု အသက် ၇၀ ရှိပြီဖြစ်တဲ့ ဂိတ်စ်က “သူနဲ့အတူ ကုန်ဆုံးခဲ့တဲ့ မိနစ်တိုင်းအတွက် ကျွန်တော် နောင်တရတယ်” လို့ အခုလအစောပိုင်းက သြစတြေးလျသတင်းဌာန 9News ကို ပြောခဲ့ပါတယ်။

အက်ပ်စတိုင်းဟာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုနဲ့ လူကုန်ကူးမှု စွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးဖို့ စောင့်ဆိုင်းနေတုန်း ၂၀၁၉ ဩဂုတ်လမှာ နယူးယောက်က အကျဉ်းထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း အက်ပ်စတိုင်းဟာ ဖလော်ရီဒါပြည်နယ်မှာပြည့်တန်ဆာမှုနဲ့ ကလေးသူငယ်နဲ့ ကာမစပ်ယှက်မှုတွေအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ထောင်ဒဏ် ၁၈ လထဲက ၁၃ လ ကျခံခဲ့ရဖူးပါတယ်။

ဂိတ်စ်နဲ့ ၂၀၂၁ အထိ အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းခဲ့တဲ့ မလင်ဒါ ဖရန့်ချ်ဂိတ်စ်ကတော့ အခုထွက်လာတဲ့ အက်ပ်စတိုင်း မှတ်တမ်းတွေဟာ “သူမရဲ့အိမ်ထောင်ရေးက အရမ်းကို နာကျင်စရာကောင်းတဲ့ အမှတ်တရတွေ” ကိုပြန်သတိရစေတယ်လို့ ဆိုပါတယ်။

မလင်ဒါက NPR သတင်းဌာနကို ပြောရာမှာ “ကျန်နေသေးတဲ့ မေးခွန်းတွေက ဘာတွေပဲဖြစ်ဖြစ်၊ ကျွန်မကတော့ ဒါတွေအားလုံးကို စသိဖို့တောင် မကြိုးစားချင်တော့ဘူး။ အဲဒီမေးခွန်းတွေက အဲဒီလူတွေနဲ့ ကျွန်မရဲ့ ခင်ပွန်းဟောင်းနဲ့ပဲ ဆိုင်ပါတယ်။ ဒါတွေကို သူတို့ပဲ ဖြေရှင်းရမှာပါ၊ ကျွန်မ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဂိတ်စ်ဖောင်ဒေးရှင်းကတော့ အိန္ဒိယရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေအတွက် အပြည့်အဝ ဆက်လက်ကူညီသွားမယ်လို့ ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲမှာတော့ ဖောင်ဒေးရှင်းရဲ့ အာဖရိကနဲ့ အိန္ဒိယရုံးဥက္ကဋ္ဌ အန်ကာဗိုရာက ကိုယ်စားလှယ်အဖြစ် တက်ရောက်မယ်လို့ သိရပါတယ်။

Ref – theguardian