အီရန်အနေနဲ့ သဘောတူညီချက်တခု ရယူဖို့ အိမ်ဖြူတော် သတိပေး

ဗုဒ္ဓဟူးနေ့မှာပဲ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ အမေရိကန်အနေနဲ့ အီရန်ကို တိုက်ခိုက်နိုင်တယ်လို့ ထပ်မံ အရိပ်အယောင်ပြခဲ့သလိုအရှေ့အလယ်ပိုင်းမှာလည်း အမေရိကန် စစ်အင်အားတွေကို တိုးမြှင့်ပြင်ဆင်နေပါတယ်။

၁၉၊ ဖေဖော်ဝါရီ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးအရ အရေးယူမယ့်အရိပ်အယောင်တွေကို ထပ်မံ ပြသလိုက်တာကြောင့် အီရန်အနေနဲ့ အမေရိကန်နဲ့ သဘောတူညီချက်တခု ရယူလိုက်တာက အမြော်အမြင်ရှိရာ ရောက်လိမ့်မယ်လို့ အိမ်ဖြူတော်က ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့လက ဆန္ဒပြသူတွေကို အီရန်က အကြမ်းဖက်နှိမ်နင်းခဲ့တာနဲ့ပတ်သက်ပြီး ထရမ့်က စစ်ရေးအရ အရေးယူမယ်လို့ တောက်လျှောက် ခြိမ်းခြောက်ခဲ့ပြီးနောက်ပိုင်း အိုမန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နှစ်ဘက်စလုံးဟာအခုတခေါက်မှာ ကြားခံကတဆင့် ဆွေးနွေးမှုတွေကို ပြန်စလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ အစ္စရေးက အီရန်ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး အမေရိကန်ကလည်း အီရန်နျူကလီးယားစခန်းတွေကို ဗုံးကြဲရာမှာ ပါဝင်ခဲ့တာကြောင့် အရင်ကဆွေးနွေးဖို့ ကြိုးစားမှုတွေဟာ ပျက်ပြားသွားခဲ့ရပါတယ်။

“အီရန်အနေနဲ့ သမ္မတ ထရမ့်၊ သူ့ရဲ့ အစိုးရအဖွဲ့နဲ့ သဘောတူညီချက်တခုရအောင်လုပ်တာကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”လို့ အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လဲဗစ်က သတင်းထောက်တွေကို ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ အမေရိကန်အနေနဲ့ အီရန်ကို တိုက်ခိုက်နိုင်တယ်လို့ ထပ်မံ အရိပ်အယောင်ပြခဲ့သလိုအရှေ့အလယ်ပိုင်းမှာလည်း အမေရိကန် စစ်အင်အားတွေကို တိုးမြှင့်ပြင်ဆင်နေပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲက ချားဂိုးစ်ကျွန်းစုအပေါ် အချုပ်အခြာအာဏာလက်လွှတ်မပေးဖို့ ဗြိတိန်ကို သူက သတိပေးခဲ့ပါတယ်။

အီရန်က သဘောတူညီချက်မလုပ်ရင်၊ အီရန်ရဲ့ အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ဒီယေဂိုဂါစီယာ လေတပ်စခန်းကိုအသုံးပြုဖို့ လိုအပ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဗြိတိန်အနေနဲ့ အဆိုပါ ကျွန်းစုအပေါ်မှာရှိတဲ့ ပိုင်ဆိုင်ခွင့်အာဏာကို လက်မလွှတ်သင့်ဘူးလို့ ထရမ့်က သတိပေးလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ဟာ အခုလာမယ့် စနေ၊ တနင်္ဂနွေမှာ အီရန်ကိုတိုက်ခိုက်ဖို့ အသင့်ဖြစ်နေလိမ့်မယ်လို့ CNN နဲ့ CBS သတင်းတွေက ဖော်ပြပါတယ်။

ဒါပေမဲ့ ထရမ့်အနေနဲ့ အတည်ပြုချက် နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့မချရသေးဘူးလို့ သိရပါတယ်။

ထရမ့်ဟာ စစ်ရေးအရ အရေးယူနိုင်တဲ့ နည်းလမ်းတွေကို တင်ပြထားပြီး အဆိုပါ နည်းလမ်းတွေအားလုံးဟာ အထိအခိုက် အပျက်အစီး အများဆုံးဖြစ်အောင် ရေးဆွဲထားတာဖြစ်တယ်လို့ Wall Street Journal က ဖော်ပြပါတယ်။

အဲဒီထဲမှာ “အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ အီရန်ရဲ့ နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင် အတော်များများကို သုတ်သင်ဖို့” စီမံချက်တွေလည်း ပါဝင်နေတယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး အရတ်ချီက အမေရိကန်နဲ့ ဆက်လက်ဆွေးနွေးဖို့အတွက် မူဘောင်တခုကို မူကြမ်းရေးဆွဲနေတယ်လို့ ပြောပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ အိုမန်က ကြားဝင်စေ့စပ်ပေးတဲ့ ဒုတိယအကျော့ဆွေးနွေးပွဲကို အင်္ဂါနေ့က ဂျနီဗာမှာ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက ဝါရှင်တန်နဲ့ လမ်းညွှန်အခြေခံမူတွေ သဘောတူခဲ့တယ်လို့အရတ်ချီက ပြောခဲ့ပေမဲ့ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်ကတော့ ဝါရှင်တန်က သတ်မှတ်ထားတဲ့ စည်းတွေကို အီရန်ဘက်က အပြည့်အဝ အသိအမှတ်မပြုသေးဘူးလို့ ပြောထားပါတယ်။

 

Ref – CNA