
အဆိုပါ သဘောတူညီချက်တွေကို ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ်ရဲ့အမေရိကန်ခရီးစဉ်အတွင်း လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။
၁၉၊ ဖေဖော်ဝါရီ။
ဗီယက်နမ်နဲ့ အမေရိကန်တို့ကြား ကုန်သွယ်ရေးစာချုပ်သစ်အတွက် ညှိနှိုင်းမှုတွေဆက်လုပ်နေချိန်မှာပဲ ဗီယက်နမ်လေကြောင်းလိုင်း သုံးခုဟာ လေယာဉ်စုစုပေါင်းအစင်း ၉၀ ဝယ်ယူဖို့ အမေရိကန် ဘိုးအင်းကုမ္ပဏီနဲ့ ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဆိုပါ သဘောတူညီချက်တွေကို ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ်ရဲ့အမေရိကန်ခရီးစဉ်အတွင်း လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။
သူဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကို ဖြေရှင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်စတင်လိုက်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတာပါ။
ဗီယက်နမ် လေကြောင်းလိုင်း Vietnam Airlines (HVN.HM) ကတော့ ကိုယ်ထည်ကျဉ်း အမျိုးအစား 737-8 ဂျက်လေယာဉ် အစင်း ၅၀ ဝယ်ယူဖို့ ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူညီချက်ကို ဘိုးအင်းနဲ့ လက်မှတ်ထိုးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ လေယာဉ်တွေကို ၂၀၃၀ နဲ့ ၂၀၃၂ ခုနှစ်ကြားမှာ လွှဲပြောင်းရယူဖို့ စီစဉ်ထားတာကြောင့် ၂၀၃၀ ပြည့်နှစ်မှာ သူတို့ရဲ့ လေယာဉ်အင်အားဟာ စုစုပေါင်း ၁၅၁ စင်းလောက်အထိ ရှိလာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်ပိုင် လေကြောင်းလိုင်းဖြစ်တဲ့ အဆိုပါကုမ္ပဏီဟာ ဒေါ်လာ ၁၂ ဘီလီယံအထိ တန်ဖိုးရှိမဲ့ ကိုယ်ထည်ကျယ် လေယာဉ် အစင်း ၃၀ ထပ်မံဝယ်ယူဖို့အတွက်လည်း ဘိုးအင်းနဲ့ ဆွေးနွေးနေပါသေးတယ်။
ဗီယက်နမ်မှာ အသစ်ထောင်ထားတဲ့ Sun PhuQuoc Airways ကလည်း 787-9 Dreamliner ဂျက်လေယာဉ် အစင်း ၄၀ ဝယ်ဖို့အတွက် ဒေါ်လာ ၂၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူညီချက်တခုကို ကြာသပတေးနေ့မှာပဲ လက်မှတ်ထိုးခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဗီယက်နမ် တန်ဖိုးနည်းလေကြောင်းလိုင်း ဖြစ်တဲ့ Vietjet (VJC.HM) ကတော့ ဘိုးအင်း 737-8 လေယာဉ် ခြောက်စင်း ဝယ်ယူဖို့အတွက် Griffin Global Asset Management ကုမ္ပဏီနဲ့ ဒေါ်လာ ၉၆၅ သန်းတန် ငွေကြေးထောက်ပံ့မှုသဘောတူညီချက်တခု ရရှိခဲ့ပါတယ်။
အမေရိကန်အစိုးရက ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဗီယက်နမ်ကုန်ပစ္စည်းအတော်များများအပေါ် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း ဆက်ထားမယ်လို့ ကြေညာခဲ့ပေမဲ့ တချို့ကုန်ပစ္စည်းတွေကိုတော့ အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အမေရိကန်ကုန်ပစ္စည်းတွေကို ပိုပြီးဝယ်ယူဖို့ ဆန္ဒရှိတယ်လို့ဗီယက်နမ်ဘက်က အခုလဆန်းပိုင်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
Ref – Reuters