
တရုတ်ရဲ့ နောက်ဆုံး တရားဝင်မြေအောက်စမ်းသပ်မှုက ၁၉၉၆ ခုနှစ်မှာ ပြုလုပ်ခဲ့တာပါ။
၁၈၊ ဖေဖော်ဝါရီ။
၂၀၂၀ ပြည့်နှစ် ဇွန်လတုန်းက တရုတ်နိုင်ငံက ပြုလုပ်ခဲ့တယ်လို့ ယူဆရတဲ့ မြေအောက်နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်သစ်တွေကို အမေရိကန် အဆင့်မြင့်အရာရှိတဦးက အင်္ဂါနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာယောက ဝါရှင်တန်မှာရှိတဲ့ Hudson Institute သုတေသနအဖွဲ့ရဲ့ အခမ်းအနားတခုမှာ ပြောကြားခဲ့တာကတော့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့တုန်းက တရုတ်နိုင်ငံအနောက်ပိုင်း လော့ပ်နော စမ်းသပ်ကွင်းကနေ မိုင် ၄၅၀ (၇၂၀ ကီလိုမီတာ) အကွာမှာရှိတဲ့ ကာဇက်စတန်နိုင်ငံက မြေငလျင်တိုင်းတာရေးစခန်းတခုမှာ ပမာဏ ၂.၇၅ ရှိတဲ့ ပေါက်ကွဲမှုတခုကို တိုင်းတာမိခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီအချိန်ကစပြီး နောက်ထပ်အချက်အလက်တွေကို ကျွန်တော် ထပ်မံစစ်ဆေးကြည့်ခဲ့ပါတယ်။ ဒါဟာ ပေါက်ကွဲမှုတခု၊ တကယ့်ကို သီးခြားပေါက်ကွဲမှု တခုဆိုတာထက် တခြားဖြစ်နိုင်ခြေ အလွန်နည်းပါတယ်” လို့ ယောက ပြောပါတယ်။ ဒါ့အပြင် အဆိုပါ အချက်အလက်တွေဟာ သတ္တုတွင်းဖောက်ခွဲမှုတွေနဲ့လည်း တူညီမှုမရှိဘူးလို့ သူက ဆိုပါတယ်။
“ဒါဟာ ငလျင်လှုပ်တာနဲ့လည်း လုံးဝမတူပါဘူး” လို့ နျူကလီးယား အင်ဂျင်နီယာဘာသာရပ်နဲ့ ပါရဂူဘွဲ့ရထားသူ၊ ထောက်လှမ်းရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အရာရှိဟောင်းလည်းဖြစ်တဲ့ ယောက ပြောပါတယ်။
“ဒါက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတခုမှာ တွေ့ရလေ့ရှိတဲ့ အနေအထားမျိုးပါပဲ”လို့ သူက ဆက်ပြောပါတယ်။
ယောကတော့ တရုတ်ဟာ အဆိုပါ စမ်းသပ်မှုကို ဖုံးကွယ်ဖို့အတွက် decoupling လို့ခေါ်တဲ့ နည်းလမ်းကို သုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ နည်းလမ်းကတော့ ပေါက်ကွဲမှုကနေ ထွက်ပေါ်လာမယ့် တုန်ခါမှုလှိုင်းတွေကို လျှော့ချဖို့အတွက် နျူကလီးယားကိရိယာကို မြေအောက် အခန်းအကျယ်ကြီးထဲမှာ ထည့်ပြီး ဖောက်ခွဲတာဖြစ်ပါတယ်။
နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေကို စောင့်ကြည့်ဖော်ထုတ်ရတဲ့ ဘက်စုံနျူကလီးယားစမ်းသပ်မှု တားမြစ်ရေးစာချုပ်အဖွဲ့ (CTBTO) ကတော့ ယောရဲ့ စွပ်စွဲချက်ကို အတည်ပြုဖို့အတွက် အချက်အလက် မလုံလောက်သေးဘူးလို့ ပြောပါတယ်။
ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးပြောခွင့်ရသူကတော့ တရုတ်က နျူကလီးယားစမ်းသပ်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ လုံးဝအခြေအမြစ်မရှိဘူးလို့ ဆိုပါတယ်။
ဒါဟာ အမေရိကန်က သူတို့ရဲ့ နျူကလီးယားစမ်းသပ်မှုတွေ ပြန်စဖို့အတွက် အကြောင်းပြချက် ဖန်တီးတာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
“နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ငါးနိုင်ငံရဲ့ စမ်းသပ်မှုတွေမလုပ်ဖို့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုဖို့၊ နျူကလီးယားစမ်းသပ်မှု ဆန့်ကျင်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို လိုက်နာဖို့နဲ့ နိုင်ငံတကာ နျူကလီးယားလက်နက် လျှော့ချရေးနဲ့ ပြန့်ပွားမှုထိန်းချုပ်ရေး စနစ်ကို ကာကွယ်ဖို့အတွက် ခိုင်မာတဲ့ခြေလှမ်းတွေ လှမ်းဖို့ အမေရိကန်ကို တရုတ်က တိုက်တွန်းပါတယ်”လို့ လျူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သက်တမ်းကုန်သွားတဲ့ အမေရိကန်-ရုရှား မဟာဗျူဟာမြောက် နျူကလီးယားလက်နက် ကန့်သတ်ရေးစာချုပ် (New START) အစားထိုးဖို့အတွက် ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံလည်း ပါဝင်လာဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေးနေပါတယ်။
အဆိုပါ စာချုပ် သက်တမ်းကုန်သွားတာဟာ ကမ္ဘာကြီးမှာ နျူကလီးယားလက်နက် အပြိုင်အဆိုင် တပ်ဆင်မှုတွေ ပိုမိုမြန်ဆန်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေကို မြင့်တက်စေခဲ့ပါတယ်။
၁၉၉၆ ခုနှစ်က နိုင်ငံတကာ နျူကလီးယားစမ်းသပ်မှု တားမြစ်ရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားပေမဲ့ အတည်ပြုချက်တော့ မယူရသေးတဲ့ တရုတ်နိုင်ငံဟာ အခုလအစောပိုင်းက နိုင်ငံတကာညီလာခံတခုမှာ အမေရိကန်က ပထမဆုံးအကြိမ် စွပ်စွဲလာပြီးနောက်ပိုင်း မြေအောက်နျူကလီးယား စမ်းသပ်မှုကို ငြင်းဆိုခဲ့ပါတယ်။
တရုတ်ရဲ့ နောက်ဆုံး တရားဝင်မြေအောက်စမ်းသပ်မှုက ၁၉၉၆ ခုနှစ်မှာ ပြုလုပ်ခဲ့တာပါ။
ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အဆိုအရ တရုတ်မှာ အသင့်အသုံးပြုနိုင်တဲ့ နျူကလီးယားထိပ်ဖူး ၆၀၀ ကျော်ရှိနေပြီး သူတို့ရဲ့ နျူကလီးယားအင်အားစုကို သိသိသာသာ တိုးချဲ့နေတယ်လို့ သိရပါတယ်။ ၂၀၃၀ ပြည့်နှစ်အရောက်မှာ တရုတ်နိုင်ငံဟာ ထိပ်ဖူးပေါင်း ၁,၀၀၀ ကျော် ပိုင်ဆိုင်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
Ref – Reuters