ဧရာဝတီတိုင်းအတွက် ဖျက်မိုးမရှိနိုင်

“ကျွန်တော်တို့က ဖျက်မိုးခေါ်တာပေါ့နော်။ အခုလိုင်းပေါ်မှာ တွေ့နေရသလိုမျိုး ဆားကွင်းတွေ ပျက်ဆီးမယ် ဘာညာမျိုးတွေထိ မိုးများဖို့မရှိဘူး။ ဖျက်မိုးဆိုတာမျိုးက ရွာချလိုက်တာနဲ့ စိုရွဲပြီး ဘာမှလုပ်မရအောင် ပျက်ဆီးသွားနိုင်တဲ့ မိုးမျိုး အဲ့လောက် များတာမျိုးပေါ့နော်။ အဲ့လိုရွာဖို့ရှိရင် ကျွန်တော်တို့ မိုးဇလကနေ သတိပေးထုတ်ပြန်ပါလိမ့်မယ် ”

၁၇၊ ဖေဖော်ဝါရီလ။

ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ တောင်ဘက်စွန်း ဒေသတွေမှာ မိုးထစ်ချုန်းရွာသွန်းမှု ဖြစ်ပေါ်နိုင်ပေမယ့် ဧရာဝတီတိုင်းမှာ စိုက်ပျိုးရေး လုပ်ငန်းတွေကို ထိခိုက် ပျက်ဆီးစေတဲ့အထိ မိုးများဖို့ မရှိနိုင်ဘူးလို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

ဧရာဝတီတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၄ ခုမှာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၂ ရက်နေ့အထိ တပတ်အတွင်း မိုးထစ်ချုန်းရွာတာ ၊ မိုးအသင့်အတင့်ရွာသွန်းတာမျိုး ရှိနိုင်တယ်လို့ မိုးဇလပညာရှင်တဦးက ခန့်မှန်းပါတယ်။

“မိုးရွာသွန်းမယ့် နေရာဒေသက တိုင်း/ပြည်နယ် တခုလုံးရဲ့ ၅၀% လောက်မှာ မိုးရွာနိုင်တာကို နေရာကျဲကျဲလို့ ခေါ်ခြင်းဖြစ်ပြီး နယ်မြေရဲ့  ၈၀% ကျော်လောက်ထိ ရွာနိုင်တာကို နေရာအနှံ့အပြားလို့ ပြောတာပါ။ ဒါပေမယ့် အချိန်အခါမဟုတ် ရွာသွန်းခြင်းဖြစ်လို့ မိုးကြီးတာမျိုးမဟုတ်လို့ မိုးအသင့်အတင့်လို့ပဲ ပြောထားခြင်းဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

မိုးလေဝသ အခြေအနေတွေကို တွက်ချက်ပေးနေတဲ့ ဝက်ဆိုက်တွေမှာဖော်ပြထားတဲ့ မိုးရွာသွန်းနိုင်မှု အခြေအနေတွေအရ ဧရာဝတီတိုင်းမှာ ရွာသွန်းမယ့် မိုးဟာ စိုက်ပျိုးနေဆဲနဲ့ ရိတ်သိမ်းဆဲ သီးနှံတွေကို ပျက်ဆီးစေနိုင်လောက်တဲ့ အခြေအနေမှာ မရှိနေဘူးလို့ မိုးဇလဌာနက အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ရှင်းပြပါတယ်။

“ကျွန်တော်တို့က ဖျက်မိုးခေါ်တာပေါ့နော်။ အခုလိုင်းပေါ်မှာ တွေ့နေရသလိုမျိုး ဆားကွင်းတွေ ပျက်ဆီးမယ် ဘာညာမျိုးတွေထိ မိုးများဖို့မရှိဘူး။ ဖျက်မိုးဆိုတာမျိုးက ရွာချလိုက်တာနဲ့ စိုရွဲပြီး ဘာမှလုပ်မရအောင် ပျက်ဆီးသွားနိုင်တဲ့ မိုးမျိုး အဲ့လောက် များတာမျိုးပေါ့နော်။ အဲ့လိုရွာဖို့ရှိရင် ကျွန်တော်တို့ မိုးဇလကနေ သတိပေးထုတ်ပြန်ပါလိမ့်မယ် ” လို့ ဆိုပါတယ်။

 

မိုးဇလပညာရှင် ဦးဝင်းနိုင်ကတော့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေထု မငြိမ်သက်မှုတွေကြောင့် ဖေဖေါ်ဝါရီ ၁၈ ရက် မှ ၂၄ ရက်နေ့အထိ ၇ ရက်တာ ကာလအတွင်း မြန်မာနိုင်ငံ တောင်ဘက်စွန်းပိုင်းတွေ ဖြစ်တဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ မိုးရေချိန် ၁ လက်မအောက်သာ ရွာသွန်းဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဧရာဝတီတိုင်းမှာတော့ မိုးရေချိန် လက်မ မများနိုင်ဘူးလို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

“ဧရာဝတီတိုင်းမှာ အလွန်ဆုံးရွာမယ့်မိုးဟာ ၅ မီလီမီတာ (5 mm)ပဲရှိပါတယ်။ ရွာနိုင်တဲ့ မိုးရေချိန်တွေကိုကြည့်ရင် မိုးများနိုင်မယ်လို့ မပြောနိုင်ပါဘူး၊ မိုးအသင့်အတင့်ဆိုတာတောင် များနေပါပြီ။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင်တော့ Light rain လို့ဘဲ တွေ့ရပါတယ်။ ၂၄ နာရီအတွင်း ၃၀ မီလီလီတာ (30 mm) ကျော် ရွာရင်တော့ မိုးအသင့်အတင့် မှ မိုးများနိုင်မယ်လို့ ပြောလို့ရပါတယ် ” လို့ သူက ရှင်းပြပါတယ်။

လက်ရှိ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့နေတဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ၇၂ နာရီအတွင်း ဖျက်မိုးသတိပြု၊ စူပါအအေးလှိုင်းတို့ဆိုတဲ့ မိုးလေဝသဖြစ်စဉ် ခန့်မှန်းချက်တွေဟာ မူလဖြစ်စဉ်တွေအပေါ် ချဲ့ကားပြီး ဖြန့်ဝေနေတဲ့ သတင်းအမှားတွေသာ ဖြစ်တယ်လို့ မိုးဇလ ပညာရှင်တွေက မှတ်ချက်ပြုကြပါတယ်။

မအူပင်မြို့နယ်ထဲက တောင်သူတဦးကတော့ “တော်ရုံမိုးလောက်ကတော့ ပဲတွေ၊ စပါးတွေကို မပျက်စီးစေနိုင်ပါဘူး။ မိုးဖွဲကျတာဟာ ပဲသိမ်းနေတဲ့ သူတွေအတွက် ပဲပင်ကို မကြွပ်ဆတ်စေတော့ ပိုတောင်ကောင်းသေးတယ်။ မိုးများမယ်ဆိုရင်တော့ စိုးရိမ်ရတာပေါ့ ” လို့ ဆိုပါတယ်။

သူက ဘဝတူ စိုက်ပျိုးရေးသမားတွေနဲ့ ရာသီဥတု မှီခိုပြီး အလုပ်လုပ်ကြရတဲ့ လုပ်ငန်းခွင်ကလူတွေကို မိုးလေဝသနဲ့ ပတ်သက်လို့ ကျွမ်းကျင်ပညာရှင်တွေ၊ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တာတွေကိုသာ စောင့်ကြည့် ယုံကြည်ဖို့ တိုက်တွန်းထားပါတယ်။