
တကယ်လို့ ဆွေးနွေးပွဲတွေသာ မအောင်မြင်ခဲ့ရင် ရေရှည်စစ်ဆင်ရေးတခုဆင်နွှဲဖို့အတွက် အမေရိကန်စစ်တပ်က ပြင်ဆင်နေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
၁၇၊ ဖေဖော်ဝါရီ။
အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အီရန်နဲ့ အမေရိကန်ကြားအင်္ဂါနေ့ ဂျီနီဗာမှာပြုလုပ်မယ့် အရေးကြီးဆွေးနွေးပွဲတွေမှာ သူကိုယ်တိုင်သွယ်ဝိုက်တဲ့နည်းနဲ့ ပါဝင်ပတ်သက်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၆ရက်နေ့က ပြောပါတယ်။
အီရန်ဘက်ကလည်း သဘောတူညီချက်တခု ရချင်နေတယ်လို့ သူယုံကြည်ကြောင်း ထရမ့်က ထပ်လောင်းပြောဆိုပါတယ်။
“ဒီဆွေးနွေးပွဲတွေမှာ ကျွန်တော် သွယ်ဝိုက်တဲ့နည်းနဲ့ ပါဝင်သွားမှာပါ။ အရမ်းကို အရေးကြီးပါလိမ့်မယ်” လို့ သမ္မတလေယာဉ် Air Force One ပေါ်မှာသတင်းထောက်တွေကို ထရမ့်က ပြောပါတယ်။
ဆွေးနွေးပွဲမတိုင်ခင် အခြေအနေတွေက တင်းမာနေပြီး အမေရိကန်ကအရှေ့အလယ်ပိုင်းကို ဒုတိယမြောက် လေယာဉ်တင်သင်္ဘောတစင်း စေလွှတ်ထားပါတယ်။
တကယ်လို့ ဆွေးနွေးပွဲတွေသာ မအောင်မြင်ခဲ့ရင် ရေရှည်စစ်ဆင်ရေးတခုဆင်နွှဲဖို့အတွက် အမေရိကန်စစ်တပ်က ပြင်ဆင်နေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သဘောတူညီချက်ရနိုင်ခြေ ရှိ၊ မရှိ မေးမြန်းရာမှာတော့ ထရမ့်က အီရန်ဟာဆွေးနွေးပွဲတွေမှာ တင်းမာတဲ့ပုံစံမျိုး အမြဲပြလေ့ရှိပေမဲ့ ပြီးခဲ့တဲ့နွေရာသီက အီရန်နျူကလီးယားစခန်းတွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်လိုက်တဲ့အခါမှာတော့ အဲ့ဒီလိုလုပ်ရပ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို သူတို့ သိသွားကြပြီလို့ ပြန်ဖြေပါတယ်။
အခုတကြိမ်မှာတော့ အီရန်ဘက်က ဆွေးနွေးညှိနှိုင်းဖို့ တက်တက်ကြွကြွ ရှိနေတယ်လို့ ထရမ့်က အရိပ်အမြွက် ပြောပါတယ်။
ဇွန်လထဲမှာ အမေရိကန်က တိုက်ခိုက်မှုတွေ မလုပ်ခင် အီရန်မြေပေါ်မှာ ယူရေနီယံသန့်စင်တာတွေ မလုပ်ဖို့ ဝါရှင်တန်ဘက်က တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲတွေ ရပ်တန့်နေခဲ့တာပါ။
ဒီလို ယူရေနီယံသန့်စင်တာကို နျူကလီးယားလက်နက်ဆီ ဦးတည်တဲ့ လမ်းစလို့ အမေရိကန်က ယူဆနေပါတယ်။
“သူတို့ရဲ့ နျူကလီးယားစွမ်းရည်ကို ဖျက်ဆီးဖို့ B-2 ဗုံးကြဲလေယာဉ်တွေလွှတ်မယ့်အစား သဘောတူညီချက် တခုခု ရခဲ့ရင် ရနိုင်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ B-2 တွေကို လွှတ်လိုက်ရတယ်” လို့ ဗုံးကြဲတိုက်ခိုက်မှုမှာအသုံးပြုခဲ့တဲ့ ကိုယ်ပျောက် ဗုံးကြဲလေယာဉ်တွေကို ရည်ညွှန်းပြီး ထရမ့်ကပြောပါတယ်။
“သူတို့တွေ ဒီထက်ပိုပြီး အကျိုးအကြောင်း ဆင်ခြင်တုံတရားရှိလာကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
ဒီပြောကြားချက်တွေက ပြီးခဲ့တဲ့သောကြာနေ့က ထရမ့်ပြောခဲ့တာတွေနဲ့တော့ကွာခြားနေပါတယ်။ အဲ့ဒီတုန်းက သူက အီရန်မှာ အစိုးရအပြောင်းအလဲဖြစ်ဖို့လိုလားတဲ့ဘက်က ပြောခဲ့သလို ဆယ်စုနှစ်ချီပြီး မအောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲတွေအပေါ် စိတ်ပျက်ကြောင်း ပြောဆိုခဲ့တာပါ။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီကတော့ တနင်္လာနေ့မှာ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့အကြီးအကဲနဲ့ တွေ့ဆုံခဲ့ပြီး”မျှတပြီး တန်းတူညီမျှတဲ့ သဘောတူညီချက်တခု ရဖို့အတွက်” ဂျီနီဗာကိုရောက်နေတာဖြစ်ကြောင်း X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“ခြိမ်းခြောက်မှုတွေရှေ့မှာ ဒူးထောက်အရှုံးပေးဖို့ ဆိုတာကတော့ ဆွေးနွေးပွဲစားပွဲပေါ်မှာ လုံးဝမရှိစေရဘူး” လို့ အာရတ်ချီက ဆိုပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ တိုက်ခိုက်ပြီးနောက်ပိုင်း အီရန်မှာရှိတဲ့ သန့်စင်ပြီးသား ယူရေနီယံ ၄၄၀ ကီလိုဂရမ် ဘာဖြစ်သွားသလဲဆိုတာကို ရှင်းပြဖို့နဲ့ ပြီးခဲ့တဲ့ ဇွန်လက ဗုံးကြဲခံခဲ့ရတဲ့ နာတန့်ဇ်၊ ဖော်ဒိုနဲ့ အစ္စဖာဟန် စတဲ့ အဓိကနေရာသုံးခုအပါအဝင် စစ်ဆေးမှုတွေ ပြန်လုပ်ခွင့်ပေးဖို့ အပြည်ပြည်ဆိုင်ရာနျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA) က လပေါင်းများစွာ တောင်းဆိုနေတာပါ။
တိုက်ခိုက်ခံရတာတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ဟော်မုဇ် ရေလက်ကြားကိုပိတ်ပစ်မယ်လို့ အီရန်က အကြိမ်ကြိမ် ခြိမ်းခြောက်ထားပါတယ်။
အဲ့ဒီလိုသာ ပိတ်လိုက်ရင် ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ ငါးပုံတပုံလောက် ပိတ်ဆို့သွားမှာဖြစ်ပြီး ရေနံစိမ်းဈေးနှုန်းတွေလည်း အဆမတန် တက်သွားနိုင်ပါတယ်။
ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေက ရေနံတင်ပို့ရာ အရေးပါတဲ့ နိုင်ငံတကာရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားမှာ အီရန်က တနင်္လာနေ့မှာစစ်ရေးလေ့ကျင့်မှုတခု လုပ်ခဲ့ပါတယ်။ အာရပ်နိုင်ငံတွေကတော့ ဒီပဋိပက္ခကိုသံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းနေကြပါတယ်။
Ref – Reuters