
“မင်းအောင်လှိုင်က တရုတ်အတွက် စစ်တိုက်နေတာ။ တရုတ်စီမံကိန်းရှိတဲ့ရွာတွေကို လိုက်ဖျက်ဆီးတယ်၊ လူနေ လို့ မရအောင် ဗုံးချတယ်။ လူမရှိတော့ရင် သူတို့ ဝင်လာတယ်။ တော်တော်ယုတ်မာတယ်”
၁၆၊ ဖေဖော်ဝါရီ။
တရုတ်စီမံကိန်းတွေရှိနေပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်တပ်က စစ်ဘေးရှောင်တွေ ရှိနေတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတို့ပစ်ခတ်တာကြောင့် ကလေးငယ်၊ သက်ကြီးအမျိုး သမီးအပါအဝင် သုံးဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။
“၁၄ ရက်နေ့ကရော၊ ၁၅ ရက်နေ့ကရော နေဗီက တောက်လျှောက်ပစ်နေခဲ့တာ။ သားအမိနှစ်ယောက်သေတယ်၊ သမီးက ငါးနှစ်ပဲရှိသေးတာ။ နောက်အဘွားကြီးတယောက်သေတယ်။ ဒီနေ့လည်း လက်နက်ကြီးတွေ ပစ်နေသေး တယ်။ လူတွေ ထပ်ပြေးနေကြရတယ်” လို့ ကျောက်ဖြူမြို့နယ်မှ ဒေသခံလူမှုကူညီရေးလုပ်နေသူတဦးက ပြောပါ တယ်။
စစ်တပ်ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းမှာ ကျောက်ဖြူမြို့နယ် ဝမြောင်ရွာနဲ့ ငါးအုပ်ကျေးရွာ တို့ကို ပင်လယ်ပြင်ရှိ ရေတပ်သင်္ဘောက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အသေခံဒရုန်းနဲ့လည်း ရွာထဲ ဗုံးချခဲ့ တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဝမြောင်ကျေးရွာမှ အသက် လေးဆယ်ကျော်အရွယ် ဒေါ်ခင်စန်းဝေနဲ့ သူ့ရဲ့သမီးဖြစ်သူ ငါး နှစ်အရွယ် မခင်ထက်ထက်စိုးတို့ သေဆုံးကာ ကလေးတွေအပါအဝင် နောက်ထပ် ခုနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ငါးအုပ်ရွာထဲ လက်နက်ကြီးကျရောက်မှုကြောင့်လည်း ဒေသခံအရပ်သား လေးဦးထက်မနည်း ထိခိုက်ခဲ့ပါတယ်။
အလားတူပဲ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက်ရှစ်ဆယ်အရွယ် ဒေါ်စောဖြူမဆိုသူ သေဆုံးခဲ့ကာ နေအိမ်အချို့လည်း ပျက် စီးခဲ့ပါတယ်။
“ကျောက်ကလေရွာအောက်ဖက်မှာ နေဗီတွေ တစီး၊ နှစ်စီးက အမြဲတမ်းရှိတယ်။ အဲဒီကနေ ပစ်နေတာ။ စစ်ရှောင် တွေရောက်လာရင် အဲဒီရွာကို ပစ်တာပဲ၊ ရွာတွေမှာ လူနေလို့မရအောင်ကို တောက်လျှောက်ပစ်နေတယ်။ အသေခံ ဒရုန်းတွေနဲ့ ချတယ်။ ဗုံးကြဲတယ်။ လက်နက်ကြီးပစ်တယ်၊ အဲဒီလိုလုပ်နေတယ် စကစက” လို့ ကျောက်ဖြူဒေသခံ နောက်တဦးက ပြောပါတယ်။

တရုတ်စီမံကိန်းတွေရှိနေတဲ့ ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်တပ်က အင်အားအလုံးအရင်းဖြည့်တင်းကာ တန်ပြန်ထိုးစစ်တွေ လုပ်နေတာဖြစ်ပြီး တရုတ်စီမံကိန်းထဲ ပါဝင်တဲ့ရွာတွေမှာ လူနေမရအောင် ရှင်းလင်းတိုက်ခိုက် နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။
“မင်းအောင်လှိုင်က တရုတ်အတွက် စစ်တိုက်နေတာ။ တရုတ်စီမံကိန်းရှိတဲ့ရွာတွေကို လိုက်ဖျက်ဆီးတယ်၊ လူနေ လို့ မရအောင် ဗုံးချတယ်။ လူမရှိတော့ရင် သူတို့ ဝင်လာတယ်။ တော်တော်ယုတ်မာတယ်” လို့ ကျောက်ဖြူမြို့နယ် အတွင်းက တရုတ်စီမံကိန်းတွေကို လေ့လာနေတဲ့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ် ထားတဲ့မြို့နယ်တွေရှိ စစ်ရေးနဲ့ မဆိုင်တဲ့ အရပ် ဘက် လူနေ ကျးရွာ၊ ဆေးရုံ၊ စာသင်ကျောင်း စတဲ့နေရာတွေနဲ့ စစ်သုံ့ပန်းတွေ ထားတဲ့နေရာတွေကို ဗုံးကြဲတိုက် ခိုက်တာတွေ မကြာခဏလုပ်နေတာပါ။
အရွေးကောက်ခံ အရပ်သားအစိုးရလက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူသိမ်းပိုက်ပြီး ငါးနှစ်ကျော်ကြာ အုပ်ချုပ်နေခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အတုအယောင်ရွေးကောက်ပွဲကို စိတ်ကြိုက်ပြင်ဆင်ကျင်းပထားပြီး တဖက် မှာလည်း အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေတာ ဖြစ်ပါတယ်။
ရခိုင်မှာ တကျော့ပြန် မြို့သိမ်းတိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၅ နိုဝင်ဘာ ၂၃ ရက် ထိ နှစ်နှစ်တာ ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ူကြောင့် ၁၀၀၅ ဦး သေဆုံးပြီး ၂၁၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ် အပါအဝင် ရခိုင်ရိုးမတောင်ခြေ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာ၀တီတိုင်းတွေအတွင်း စစ်တပ်နဲ့ AA ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။