
ခွေးရူးပြန်ရောဂါဟာ လက္ခဏာပြလာပြီဆိုရင် သေဖို့ရာခိုင်နှုန်း အလွန်များတဲ့ ရောဂါဖြစ်ပါတယ်။
၁၄၊ ဖေဖော်ဝါရီ။
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်မှာ အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသားတဦး သေဆုံးသွားခဲ့ပြီးနောက် ဒါဟာ အခုနှစ်အတွင်း ပထမဆုံး ခွေးရူးပြန်ရောဂါနဲ့ သေဆုံးမှုဖြစ်တယ်လို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အဆိုပါ အမျိုးသားရဲ့ ညာဘက်လက်ကို ခွေးပေါက်လေးတကောင်က ကိုက်ခဲ့တာ ဖြစ်ပေမဲ့ ဒဏ်ရာကို ဆေးကြောတာ ဒါမှမဟုတ်ကာကွယ်ဆေးထိုးတာမျိုးတွေ မလုပ်ခဲ့ဘူးလို့ DDC ညွှန်ကြားရေးမှူးချုပ် မွန်သီယမ်ကာနာစာဝပ်က ပြောပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ ရေသောက်ပြီးရင် ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာနဲ့ ခေါင်းမူးတာမျိုးတွေ စဖြစ်လာခဲ့ပြီး နှစ်ရက်အကြာမှာပဲ သေဆုံးသွားခဲ့တာပါ။
အဲဒီခွေးပေါက်လေးကိုတော့ ပြန်ရှာမတွေ့တော့သလို ဘာဖြစ်သွားလဲဆိုတာလည်း မသိရဘူးလို့ သူက ဆိုပါတယ်။
DDC ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံရဲ့ ချွန်ဘူရီ၊ တာ့ခ်၊ စီစကတ်၊ နခွန်ရက်ချာစီမာ၊ ချာချိုအန်ဆောင်နဲ့ ရယောင်းခရိုင်တွေမှာ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသူ ခုနစ်ဦး ရှိခဲ့ပါတယ်။
သေဆုံးသူအားလုံးဟာ တိရစ္ဆာန်အကိုက်ခံရပြီးနောက် ဆေးကုသမှု မခံယူခဲ့ကြသူတွေဖြစ်ပြီး ထက်ဝက်ကျော်ကတော့ အိမ်မွေးတိရစ္ဆာန်တွေဆီကနေ ကူးစက်ခံရတာဖြစ်ပါတယ်။
တိရစ္ဆာန် တကောင်ကောင်အကိုက်ခံရပြီဆိုရင် ဒဏ်ရာကို ဆပ်ပြာနဲ့ ရေသုံးပြီးချက်ချင်းဆေးကြောဖို့နဲ့ ဆေးကုသမှု ခံယူဖို့ ကျန်းမာရေးတာဝန်ရှိသူတွေကတိုက်တွန်းထားပါတယ်။
ခွေးရူးပြန်ရောဂါဟာ လက္ခဏာပြလာပြီဆိုရင် သေဖို့ရာခိုင်နှုန်း အလွန်များတဲ့ ရောဂါဖြစ်ပါတယ်။
ခွေးရူးပြန်ရောဂါဆိုတာ ရောဂါပိုးရှိတဲ့ နို့တိုက်သတ္တဝါတွေရဲ့ တံတွေးကနေတဆင့်အကိုက်ခံရတာ၊ အကုတ်ခံရတာ ဒါမှမဟုတ် ဒဏ်ရာအနာတရရှိတဲ့နေရာနဲ့ ထိတွေ့မိရာကနေ ကူးစက်တတ်တဲ့ ရောဂါပါ။ ခွေးနဲ့ ကြောင်တွေက လူတွေကို ကူးစက်ဖို့အန္တရာယ်အရှိဆုံး ဖြစ်ပါတယ်။
ဒီရောဂါပိုးဟာ လူကိုယ်ထဲရောက်ပြီးရင် ပုံမှန်အားဖြင့် နှစ်ပတ်ကနေ နှစ်လအတွင်းမှာရောဂါလက္ခဏာ စပြတတ်ပေမဲ့ တချို့လူတွေမှာတော့ တနှစ်လောက်ကြာမှ ရောဂါပေါ်လာတာမျိုးလည်း ရှိတတ်ပါတယ်။
Ref – Bangkok post