​​ကာရစ်ဘီယံပင်လယ်မှာ မူးယစ်မှောင်ခိုလှေကို အမေရိကန်တိုက်ခိုက်လို့ သုံးဦးသေဆုံး

ကာရစ်ဘီယံကနေ ပစိဖိတ်သမုဒ္ဒရာအထိ ကျယ်ပြန့်လာတဲ့ အဆိုပါ စစ်ဆင်ရေးတွေရဲ့ တရားဝင်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။

၁၄၊ ဖေဖော်ဝါရီ။

ကာရစ်ဘီယံပင်လယ်ထဲက စက်လှေတစင်းကို တိုက်ခိုက်ခဲ့ရာမှာ မူးယစ်ဆေးမှောင်ခိုသမားလို့ ယူဆရသူ သုံးဦးကို သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဖေဖော်ဝါရီ ၁၃ ရက်၊  သောကြာနေ့ မှာ ပြောပါတယ်။

ဒါကြောင့် ဝါရှင်တန်ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၃၃ ဦးအထိ ရှိလာခဲ့ပါပြီ။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ ဗင်နီဇွဲလားနိုင်ငံကနေ လှုပ်ရှားနေတဲ့မူးယစ်အကြမ်းဖက်သမားတွေနဲ့ စစ်ဖြစ်နေတာလို့ အခိုင်အမာ ပြောဆိုထားပြီး စက်တင်ဘာလအစောပိုင်းကတည်းက မှောင်ခိုစက်လှေလို့ ယူဆရတဲ့ သင်္ဘောတွေကိုပစ်မှတ်ထား တိုက်ခိုက်နေခဲ့တာပါ။

အဲဒီအချိန်ကစပြီး အကြိမ်ပေါင်း ဒါဇင်နဲ့ချီ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အစိုးရတာဝန်ရှိသူတွေဘက်ကတော့ အဆိုပါ စက်လှေတွေဟာ မူးယစ်မှောင်ခိုလုပ်ငန်းမှာ တကယ်ပတ်သက်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားမျိုး တင်ပြနိုင်ခြင်း မရှိပါဘူး။

ဒါကြောင့်လည်း ကာရစ်ဘီယံကနေ ပစိဖိတ်သမုဒ္ဒရာအထိ ကျယ်ပြန့်လာတဲ့ အဆိုပါ စစ်ဆင်ရေးတွေရဲ့ တရားဝင်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။

“ဒီစစ်ဆင်ရေးအတွင်း မူးယစ်အကြမ်းဖက်သမား သုံးဦး သေဆုံးခဲ့ပါတယ်။ အမေရိကန်စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” လို့ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က X လူမှုကွန်ရက်ပေါ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလပ်စ် မာဒူရိုကို အမေရိကန် အထူးတပ်ဖွဲ့တွေကဖမ်းဆီးပြီး ခြောက်ပတ်အကြာမှာပဲ အဆိုပါ တိုက်ခိုက်မှု ထပ်ဖြစ်လာတာပါ။

အမေရိကန်ရဲ့ အခုလို တိုက်ခိုက်မှုတွေဟာ တောင်အမေရိကနိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားမှာ အစိုးရအပြောင်းအလဲဖြစ်အောင် တွန်းအားပေးဖို့ ရည်ရွယ်တာလို့ မာဒူရိုကပြောဆိုထားခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ အဆိုပါ လက်ဝဲဝါဒီခေါင်းဆောင်ဟာ အမေရိကန်မှာ အကျဉ်းကျနေပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်မှုတွေနဲ့ ပတ်သက်လို့ သူမှာ အပြစ်မရှိကြောင်းလျှောက်လဲထားပါတယ်။

Ref – AFP