ဧရာဝတီက ငါးကန်တွေ သတိပြုရမယ့် အပူချိန်မြင့်တက်မှု

“ အပူချိန်တွေ မြင့်လာရင် ရေထဲမှာ အောက်ဆီဂျင်ပါဝင်မှုက နည်းလာတယ် အောက်ဆီဂျင်နည်းလာရင် ငါးတွေက အစာကောင်းကောင်း မစားတော့ဘူး။ အဲ့ဒါကို အမြဲစစ်ဆေးပြီး လိုအပ်တဲ့ အနေအထားရောက်အောင် ပြင်ဆင်သင့်တယ်။ အခုငါးမျိုးတွေကတော့ တော်ရုံ အပူချိန် ၃၉-၄၀(ဒီဂရီစင်တိဂရိတ်) ထိကို ခံနိုင်ရည်ရှိကြပါတယ်။ ဒါပေမယ့် အခုက အပူအအေးက ချက်ချင်းပြောင်းသလိုဖြစ်နေတော့ ဂရုတစိုက်ရှိတာ ဆုံးရှုံးမှုနည်းစေပါလိမ့်မယ် ”

၁၃၊ ဖေဖော်ဝါရီလ။

ဧရာဝတီတိုင်းမှာ နေ့အပူချိန်တွေ တောက်လျှောက် မြင့်တက်လာဖို့ရှိပြီး ညအပူချိန်တွေကတော့ ဒီကနေ့ကနေ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြန်ကျဖို့ရှိပေမယ့် နောက်ပိုင်းရက်တွေမှာ ရုတ်တရက်ပြန်မြင့်တက်လာဖို့ ရှိနေပါတယ်။

ဒီလိုမျိုး အပူချိန်ပြောင်းလဲ မြင့်တက်မှုတွေကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး အပါအဝင် ငါးမွေးမြူရေးလုပ်ငန်းရှင်တွေ အနေနဲ့ လိုအပ်သလို သတိထားကိုင်တွယ်ကြဖို့ လိုတယ်လို့ မိုးဇလ နဲ့ ငါးမွေးမြူရေး ကျွမ်းကျင် ပညာရှင်တွေက သတိပေးထားပါတယ်။

“ ဧရာဝတီတိုင်းထဲမှာ အမြင့်ဆုံး အပူချိန်ဟာ ၃၇ ဒီဂရီ စင်တီဂရိတ်လောက်ထိ ရှိလာနိုင်တယ်။ ၃၅ – ၃၇ ပေါ့။ ညအပူချိန်တွေဟာလည်း နေရာအများစုမှာ အေးနေနိုင်သေးပေမယ့် အအေးပေါ့လာနိုင်တယ်။ နွေဦးကာလရောက်ပြီဆိုတော့ မြူထတာလည်း အနည်းအကျဉ်းကနေ အသင့်အတင့်ရှိနိုင်ပါတယ် ” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းကြောင့် ဧရာဝတီတိုင်းက ဒေသတချို့မှာ တနေ့လုံးမိုးအုံ့မှိုင်းတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ပေမယ့် လာမယ့် ရက်သတ္တပတ် အတွင်းမှာတော့ အပူချိန်မြင့်တက်လာတာက လွဲရင် မိုးရွာဖို့တော့ မရှိနိုင်သေးဘူးလို့ သူက ခန့်မှန်း တွက်ချက်ထားပါတယ်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့က ငါးသားပေါက်ရောင်းချသူ တဦးကတော့ “ အပူချိန်တွေ မြင့်လာရင် ရေထဲမှာ အောက်ဆီဂျင်ပါဝင်မှုက နည်းလာတယ် အောက်ဆီဂျင်နည်းလာရင် ငါးတွေက အစာကောင်းကောင်း မစားတော့ဘူး။ အဲ့ဒါကို အမြဲစစ်ဆေးပြီး လိုအပ်တဲ့ အနေအထားရောက်အောင် ပြင်ဆင်သင့်တယ်။ အခုငါးမျိုးတွေကတော့ တော်ရုံ အပူချိန် ၃၉-၄၀(ဒီဂရီစင်တိဂရိတ်) ထိကို ခံနိုင်ရည်ရှိကြပါတယ်။ ဒါပေမယ့် အခုက အပူအအေးက ချက်ချင်းပြောင်းသလိုဖြစ်နေတော့ ဂရုတစိုက်ရှိတာ ဆုံးရှုံးမှုနည်းစေပါလိမ့်မယ် ” လို့ ရှင်းပြပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း အယ်နီညို အစွန်းရောက် ရာသီဥတုရဲ့ သက်ရောက်မှု ရှိခဲ့ပြီး ဧရာဝတီတိုင်းမှာ နေ့အပူချိန်တွေဟာ ၄၀ ဒီဂရီစင်တိဂရိတ် ဝန်းကျင်ထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုအပူချိန်ပြောင်းလဲမှုတွေကြောင့် ငါးကန်တွေမှာ အောက်ဆိဂျင်ကျဆင်းမှုအပြင် ရေအရည်အသွေးပျက်ဆီးမှုတွေကြောင့် ငါးတွေရောဂါ ဝင်ရောက်ပြီး သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ 

ဧရာဝတီတိုင်းက ဒေသခံတွေကတော့ ပုံမှန်လည်း အခုလိုအချိန်ဟာ အပူချိန်မြင့်တက်လာလေ့ရှိပြီး ဒီရာသီမှာ စိုက်ပျိုးတဲ့ နွေသီးနှံတွေအတွက် အဆင်ပြေသလို ရိတ်သိမ်းနေတဲ့ ဆောင်းသီးနှံတွေ အတွက်လည်း စိုစွတ်လွန်းတဲ့ မြူထူထူကျတာ၊ မိုးရွာတာမျိုး မဟုတ်ရင် အဆင်ပြေတယ်လို့ ဆိုကြပါတယ်။