ဧရာ၀တီမှာ အချုပ်သားတွေကိုပါ စစ်မှုထမ်းပို့တဲ့ ဖြစ်စဉ်တွေရှိနေ

“ရဲစခန်းမှာ ချုပ်ထားတာကို အုပ်ချုပ်ရေးကကောင်တွေက ဖမ်းပို့လိုက်တာ။ စစ်မှုထမ်းကြေးကို ပေါင်းကြိတ်ပြီး တော့ လူစားထည့်လိုက်ကြတာ။ မိဘတွေက သွားတောင်းပန်ပေမယ့် မရဘူးလို့ ပြောတယ်”

၁၂၊ ဖေဖော်ဝါရီ။

ဧရာ၀တီတိုင်းအတွင်း ရဲစခန်းတွေမှာ ခိုး၊ ဆိုး၊ မူးယစ် အမှုတွေနဲ့ ချုပ်နှောင်ခံထားရတဲ့ အချုပ်သားတွေကို တရားခွင်တင် အမိန့်ချတာတွေ မလုပ်ဘဲ စစ်မှုထမ်းပို့တဲ့ ဖြစ်စဉ်တွေပါ ရှိလာနေပါတယ်။

“လူငယ်​တွေ သောက်စားမူးယစ်တာတွေ ရှိတယ်။ အဲဒါတွေကို ဖမ်းချုပ်တယ်။ အချုပ်မှာ တရက်နှစ်ရက်ထားပြီး စစ်မှုထမ်းပို့လိုက်တယ်။ မိသားစုက သွားမေးရင်လည်း လွှတ်လိုက်ပြီပြောတယ်။ တကယ်တော့ စစ်မှုထမ်း ထည့်လိုက်တာ။ အဲလိုဟာတွေ ကြားနေရတာ များလာတယ်။ ပုသိမ်မှာလည်း ဟိုလကတယောက် အဲဒီလိုပါသွားတယ်” လို့ အမည်မဖော်လိုတဲ့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ပုသိမ်မြို့နယ် ကံကုန်းရွာမှ လူငယ်တဦးကို ဖုန်းခိုးတယ်လို့ဆိုပြီး ဖမ်းဆီးကာ စစ်မှုထမ်းပို့လိုက်တယ်လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

“ဖုန်းခိုးပါတယ်ဆိုပြီး မတရာစွပ်ဆွဲပြီး ခိုးမှုနဲ့ထောင်ကျရင် သုံးနှစ် စစ်မှုထမ်းရင် နှစ်နှစ်ပဲဆိုပြီး အတင်းအဓမ္မ စစ်မှု ထမ်းထဲထည့်တာ။ မြင်ရတာ စိတ်မသက်သာလိုက်တာဗျာ။ ပုသိမ်မှာပါပဲ ကိုယ်တွေက ဧည့်သည်ဆိုတော့ ဘာမှ ဝင်ပြောလုပ်ပေးလို့မရဘူး ဆင်းရဲတဲ့ မိသားစုတွေကိုပဲ နှိပ်စက်နေကြတာ” လို့ သူကပြောပါတယ်။

ဝါးခယ်မမြို့နယ် ကျုံမငေးရဲစခန်းမှာ မူးယစ်ရမ်းကားမှုနဲ့ အချုပ်ကျနေတဲ့ အချုပ်သား လူငယ်တဦးကိုလည်း အခု လဆန်းပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က စစ်မှုထမ်းပို့လိုက်တယ်လို့ ဝါးခယ်မမြို့နယ်မှ ဒေသခံလူ ငယ်တဦးက ပြောပါတယ်။

“ရဲစခန်းမှာ ချုပ်ထားတာကို အုပ်ချုပ်ရေးကကောင်တွေက ဖမ်းပို့လိုက်တာ။ စစ်မှုထမ်းကြေးကို ပေါင်းကြိတ်ပြီး တော့ လူစားထည့်လိုက်ကြတာ။ မိဘတွေက သွားတောင်းပန်ပေမယ့် မရဘူးလို့ ပြောတယ်” လို့ သူက ဆိုပါတယ်။

DNA ကရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပုသိမ်မြို့မှ လူငယ်နှစ်ဦး၊ ဓနုဖြူမြို့ နယ်မှ ၁ ဦးနဲ့ ဖေဖော်ဝါရီ ၄ ရက် နေ့မှာ ပုသိမ်မြို့မှ လူငယ် ၁ ဦးတို့လည်း ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

ဒေသတွင်း တိုက်ပွဲတွေရှိနေပြီး တပ်သားဆုံးရှုံးမှုများနေတဲ့ စစ်ကော်မရှင်တပ်ဟာ တလမှာ တရွာကနေ တ​ယောက်နှုန်းကျ စစ်မှုထမ်းခေါ်နေသလို လူငယ်တွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး၊ ပေါ်တာဆွဲတာတွေ လုပ် နေတဲ့အပြင် အချုပ်ကျလူငယ်တွေကိုပါ စစ်မှုထမ်းပို့တာတွေ ရှိလာနေတာပါ။

ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်း ရောက်နေတဲ့ ၁၁ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ရခိုင်စစ်ရှောင်တွေကိုလည်း အစစ်အဆေးတွေလုပ်ကာ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီတလ၊ နှစ်လမှာ အဖမ်းခံရတာ တဆယ်ကျော်ပြီ။ တချို့ဆိုရင် စစ်မှုထမ်းပါသွားပြီကြားတယ်။ ဘာအကြောင်းမှ မရှိဘဲ ဒီအတိုင်းအဖမ်းခံကြရတာ။ ရေကြည်၊ ငသိုင်းချောင်းဘက်မှ အဖမ်းခံရတာများတယ်” လို့ ဧရာ၀တီတိုင်း ရေကြည်မြို့နယ်မှာ နေထိုင်နေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်မှ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေး၊ ရဲနဲ့ စစ်တပ်တို့ဟာ ဧရာ၀တီတိုင်းအတွင်း မြို့အဝင်အထွက်စစ်ဆေး ရေးဂိတ်တွေ များစွာ ဖွင့်ထားပြီး အဲဒီဂိတ်တွေကနေတဆင့် ခရီးသွားလူငယ်တွေ၊ ရပ်ကွက်၊ ကျေးရွာတွင်း လူငယ် တွေကို ဖမ်းဆီးတာတွေလည်း ပိုများလာနေတယ်လို့ ပြောကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဧရာ၀တီတိုင်းအတွင်းမှာ စစ်မှုထမ်းမယ့်လူ ငှားရမ်းဖို့အတွက် စစ်မှုထမ်းကြေးတွေ အတင်း အကြပ်ကောက်ခံနေတဲ့အပြင် မတရားဖမ်းဆီးတာ၊ ပေါ်တာဆွဲတာတွေလည်း အခုနောက်ပိုင်း ခပ်စိပ်စိပ် ရှိလာနေ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းက ကျေးရွာအုပ်စုတခုက တလမှာ လူတယောက်နှုန်း ဝန်းကျင်သာ စစ်မှုထမ်းခေါ်ခဲ့ပေမယ့် အခုနောက်ပိုင်း တရွာတယောက်နှုန်းထိ တိုးခေါ်နေတာကြောင့် စစ်မှုထမ်းကြေးတွေ လည်း တိုးပေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။

ဧရာ၀တီတိုင်းအတွင်းရှိ လူငယ်တွေထဲက ၉၂ ရာခိုင်နှုန်းကျော်ဟာ စစ်မှုထမ်းဥပဒေကြောင့် သူတို့ရဲ့ အလုပ်အ ကိုင်နဲ့ ပညာရေးအပေါ် သက်ရောက်မှုရှိနေတယ်လို့ ကရင်လူငယ်သုတေသနအဖွဲ့က ဒေသခံ ၁၁၉ ဦးကို မေးမြန်း စစ်တမ်းကောက်၊ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ပြောထားကြပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာ၊ ပြောင်းရွှေ့ရသူ ၆၈ ရာခိုင်နှုန်း၊ အဓမ္မလူသစ်စုဆောင်းခြင်းနဲ့ ငွေ ကြေးအမြတ်ထုတ်ခံရမှုကြုံရသူ ၄၄ ရာခိုင်နှုန်းရှိတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်မှုထမ်း လစဉ်ကြေးအနေနဲ့လည်း တလမှာ တသိန်းအထက် ပေးရသူ ၁၀ ရာခိုင်နှုန်းကျော်၊ ငါးသောင်းကနေ တသိန်းထိ ပေးရသူ ၃၆ ရာခိုင်နှုန်းကျော်နဲ့ ငါးသောင်းအောက်ပေးရသူ ၅၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။