ထိုင်းစာသင်ကျောင်းပတ်ခတ်မှုအတွင်း သေနတ်ဒဏ်ရာရခဲ့တဲ့ ကျောင်းအုပ်ကြီး ကွယ်လွန်

ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဟတ်ယိုင်ခရိုင်က အဆိုပါကျောင်းမှာ အသက် ၁၈ နှစ်အရွယ် သေနတ်သမားတဦးက ကျောင်းအုပ်ကို ပစ်ခတ်ခဲ့သလို ကျောင်းသား ၃၀၀ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

၁၂၊ ဖေဖော်ဝါရီ။

ထိုင်းနိုင်ငံ ၊ ဆောင်ခလာခရိုင်၊ ဟတ်ယိုင်ခရိုင်ခွဲ၊ ဖာတောင်တိုက်နယ်ထဲက ဖာတောင်ပရာသန်ကီရီဝပ်ကျောင်းရဲ့ ကျောင်းအုပ်ကြီး ဆာစီဖတ် ဆင်ဆွန်ဟာ မနေ့က မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တိုက်ခိုက်မှုအတွင်း ကျောင်းသားတွေကို ကာကွယ်ပေးရင်း ရင်ဘတ်နဲ့ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပြီး  ဒီကတေ့ မနက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဟတ်ယိုင်ခရိုင်က အဆိုပါကျောင်းမှာ အသက် ၁၈ နှစ်အရွယ် သေနတ်သမားတဦးက ကျောင်းအုပ်ကို ပစ်ခတ်ခဲ့သလို ကျောင်းသား ၃၀၀ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့က သေနတ်သမားကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ညနေ ၄ နာရီခွဲလောက်မှာ ဖာတောင်တိုက်နယ်ထဲက ဖာတောင်ပရာသန်ခီရီဝပ်ကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။ လူအတော်များများ ဒဏ်ရာရခဲ့ပေမဲ့အရေအတွက်အတိအကျကိုတော့ ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။

သံသယရှိသူဟာ ဟတ်ယိုင်မြို့ခံ အသက် ၁၈ နှစ်အရွယ် ခီမာနန် ကက်စ်ချာရွန် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဖော်ထုတ်ထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောပြချက်အရ ကျောင်းကို မတိုက်ခိုက်ခင်မှာ Thung Lung ရဲစခန်းက အရာရှိတွေဟာ ကျောင်းအနီးက အိမ်တအိမ်မှာ အသက် ၁၈ နှစ်အရွယ်အမျိုးသားတဦးက သူ့အမေကို ရန်ပြုဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းကြောင့်သွားရောက်စစ်ဆေးခဲ့ကြတာပါ။

ရဲတွေက အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားနေတုန်းမှာ သံသယရှိသူက ရဲလက်ထဲက M4 ရိုင်ဖယ်သေနတ်ကို လုယူပြီး ကျောင်းဝင်းထဲကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ လုံခြုံရေးဂိတ်ကို သွားပြီး လုံခြုံရေးဝန်ထမ်းကို ပစ်ဖို့ ကြိုးစားခဲ့သေးပေမဲ့သေနတ်က ချို့ယွင်းနေတာကြောင့် လုံခြုံရေးဝန်ထမ်းက လွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် သံသယရှိသူက ကျောင်းသားတွေကို အကျပ်ကိုင်ပြီး သူ့ကို ကျောင်းအုပ်ဆီ ပို့ခိုင်းခဲ့ပါတယ်။ ကျောင်းအုပ်ကို တွေ့တဲ့အခါ သူက သေနတ်နဲ့ နှစ်ချက်ပစ်ခဲ့တာပါ။

ထိပ်တိုက်ရင်ဆိုင်မှုဖြစ်နေတဲ့ အချိန်အတွင်းမှာ ကျောင်းသား ၃၀၀ ကျော်ဟာ စာသင်ဆောင်တခုထဲမှာ ဖမ်းဆီးခံထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကျန်တဲ့ကျောင်းသားတွေလည်း ကျောင်းဝင်းထဲကနေ အပြင်ထွက်လို့ မရခဲ့ကြပါဘူး။

ဟတ်ယိုင်ရဲတပ်ဖွဲ့၊ အထူးစစ်ဆင်ရေးအဖွဲ့နဲ့ ကယ်ဆယ်ရေးသမားတွေဟာ နယ်မြေကိုပိတ်ဆို့ထားပြီး ဘေးကင်းရာမှာ ရှိနေသူတွေကို ရွှေ့ပြောင်းပေးခဲ့သလို ညှိနှိုင်းရေးမှူးတွေကိုလည်း စေလွှတ်ခဲ့ပါတယ်။

ထိပ်တိုက်ရင်ဆိုင်နေရတုန်းမှာ သံသယရှိသူက သေနတ်ကို ရံဖန်ရံခါ ပစ်ဖောက်ခဲ့သလို အသံချဲ့စက်ကို သုံးပြီး ရဲတွေ အထဲကို မဝင်ဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။

ညနေ ၆ နာရီခွဲလောက်မှာတော့ ရဲတပ်ဖွဲ့က သံသယရှိသူကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သလို ကျောင်းသားအားလုံးကိုလည်း ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘာကြောင့် အခုလို ကျူးလွန်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။