ချွန်ဘူရီမှာ မဲပြန်ရေ၊ မရေ နှစ်ရက်အတွင်း ရွေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ်မယ်

တနင်္ဂနွေနေ့ညက မဲရေတွက်မှုကို စောင့်ကြည့်နေခဲ့တဲ့ ကျောင်းသားတွေနဲ့ လူထုကတော့ မဲရေတွက်ရာမှာ ချိုးဖောက်မှုတွေ ရှိနေနိုင်သလို အမှားအယွင်းတွေကိုဖုံးကွယ်ဖို့နဲ့ အထောက်အထားတွေကို ဖျက်ဆီးဖို့ ကြိုးစားတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

၁၁၊ ဖေဖော်ဝါရီ။

လက်ရှိ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ ဘုမ်ဂျိုင်ထိုင်းပါတီရဲ့ ကိုယ်စားလှယ်လောင်း ဆုချတ် ချွန်ကလင်း အနိုင်ရရှိခဲ့တဲ့ မဲဆန္ဒနယ်မှာ မဲရေတွက်မှုပုံစံတွေ မမှန်မကန်ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့အတွက် ထိုင်းရွေးကောက်ပွဲကော်မရှင်ကအချက်အလက်ရှာဖွေရေးအဖွဲ့ကို ချွန်ဘူရီဆီ စေလွှတ်လိုက်ပါတယ်။

မဲဆန္ဒနယ် (၁) မှာ ဆုချတ်က မဲအရေအတွက် ၄၃,၇၀၃ မဲနဲ့ အနိုင်ရခဲ့ပြီး ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ဝရော့ သီရိရတ်က ၃၉,၉၂၀ မဲ ရရှိခဲ့တဲ့အတွက် မဲကွာခြားချက်က ၃,၇၈၃ မဲ ဖြစ်နေပါတယ်။

အဆိုပါ မဲဆန္ဒနယ်မှာ မဲပြန်ရေတွက်ဖို့ လုံလောက်တဲ့ အထောက်အထား ရှိ၊ မရှိဆုံးဖြတ်နိုင်ဖို့အတွက် နှစ်ရက်အတွင်း အပြီးစုံစမ်းဖို့ ကော်မရှင်က ဖေဖော်ဝါရီ ၁၀ရက်နေ့မှာ သတ်မှတ်လိုက်ပါတယ်။

တနင်္ဂနွေနေ့ညက မဲရေတွက်မှုကို စောင့်ကြည့်နေခဲ့တဲ့ ကျောင်းသားတွေနဲ့ လူထုကတော့ မဲရေတွက်ရာမှာ ချိုးဖောက်မှုတွေ ရှိနေနိုင်သလို အမှားအယွင်းတွေကိုဖုံးကွယ်ဖို့နဲ့ အထောက်အထားတွေကို ဖျက်ဆီးဖို့ ကြိုးစားတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

မဲပုံးတွေ သိမ်းဆည်းထားတဲ့ ကြက်တောင်ရိုက်ကွင်းရှေ့မှာ တညလုံး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတချို့ကတော့ အဖြေမရမချင်း အဲဒီနေရာကနေထွက်မှာမဟုတ်ဘူးလို့ ပြောနေကြဆဲ ဖြစ်ပါတယ်။

iLaw လိုမျိုး လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ နိုင်ငံတဝန်းကမဲရုံတွေမှာ မမှန်မကန်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက် ထောင်ပေါင်းများစွာထဲမှာ ချွန်ဘူရီကိစ္စက လူအာရုံစိုက်မှုအခံရဆုံး ဖြစ်နေပါတယ်။

ပြည်သူ့ပါတီကတော့ ချွန်ဘူရီ မဲဆန္ဒနယ် (၁) အပါအဝင် နေရာ ၁၀ ခုမှာ မဲပြန်ရေဖို့ကြိုးစားနေတယ်လို့ ပြောထားပါတယ်။ “ကျွန်တော်တို့ ရွေးကောက်ပွဲရလဒ်ကိုလက်ခံပါတယ်။ ရှုံးတာ၊ နိုင်တာကို လက်ခံနိုင်ပေမဲ့ မဲခိုးတာကိုတော့ သည်းမခံနိုင်ဘူး”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ပါတီဟာ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မမှန်မကန်မှုတွေကိုတိုင်ကြားနိုင်ဖို့ Form ဖြည့်စွက်နိုင်တဲ့ QR Code ကို တင်ထားပါတယ်။ တဘက်မှာလည်း ဖွေ့ထိုင်းပါတီက ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်ရေး စာမျက်နှာတခုကိုပြုလုပ်ထားပါတယ်။

မဲပြန်ရေတွက်မှုမှန်သမျှဟာ ဥပဒေကြောင်းအရ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရမယ်လို့ ရွေးကောက်ပွဲကော်မရှင် ဒုတိယအတွင်းရေးမှူးချုပ် ဖာဆခွန်း အင်္ဂါနေ့ရှင်းလင်းပွဲမှာ ပြောပါတယ်။

မဲပြန်ရေဖို့ အမိန့်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်ဟာ ရွေးကောက်ပွဲကော်မရှင်မှာပဲ ရှိတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

ဘာတွေဖြစ်ခဲ့လဲဆိုတာ သိရအောင် မဲရုံတွေက တင်ပြလာတဲ့ အစီရင်ခံစာတွေကိုစစ်ဆေးတာအပါအဝင် အဆင့်တိုင်းမှာ တင်ပြလာတဲ့ အထောက်အထားတွေ၊အချက်အလက်တွေနဲ့ ကန့်ကွက်မှုတွေကို ကော်မရှင်က သေချာသုံးသပ်သွားမယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ ဖာသကောင်းနဲ့ နောက်ထပ် ဒုအတွင်းရေးမှူးချုပ်တဦးဖြစ်တဲ့ ခန်ချစ်တို့ဟာ ချွန်ဘူရီမှာ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးနေကြပြီး အဲဒီစစ်ဆေးမှုကို နှစ်ရက်အတွင်း အပြီးသတ်ရမှာ ဖြစ်ပါတယ်။

မဲဆန္ဒနယ် ၁၀ ခုရှိတဲ့ အရှေ့ပိုင်းပြည်နယ်ဖြစ်တဲ့ ချွန်ဘူရီရဲ့ မဲရေတွက်မှုအစီရင်ခံစာကိုလည်း တင်ပြဖို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးကိုညွှန်ကြားထားပါတယ်။

ဒုအတွင်းရေးမှူးချုပ်ကတော့ စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ဘက်ပေါင်းစုံကအချက်အလက်တွေကို စစ်ဆေးရမှာဖြစ်ပြီး အချိန်ပြည့် လုပ်ကိုင်ရမှာဖြစ်တဲ့အတွက်နှစ်ရက်ဆိုတာ သင့်တော်တဲ့ အချိန်အတိုင်းအတာပဲလို့ ပြောပါတယ်။

မဲရေတွက်နေစဉ် မီးပျက်သွားတာနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေကိုလည်း လက်ခံထားပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Ref – Bangkok Post