
“ကျွန်တော်တို့ရပ်ကွက်က အုပ်ကြီးက ဇော်မင်းလတ်တဲ့ ဒီအမှိုက်ပုံကို ရှင်းဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့ကို ဝန်ကြီးကတာဝန်ပေးခဲ့တယ်ကြားတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရပ်ကွက်ကိစ္စသူလုပ်ရမှာပဲ။ စစ်မှုထမ်းကြေးကျ ရက်ကျော်လို့မရဘူး။ ဒီကိစ္စကျ ခဏခဏပြောနေတာတောင် မလုပ်ပေးသေးဘူး ”
၁၀၊ ဖေဖော်ဝါရီလ။
ဧရာဝတီတိုင်း ၊ကျုံမငေးမြို့ ၊ သီရိဟေမာရပ်ကွက်မှာ စည်းကမ်းမဲ့ အမှိုက်ပစ်ကြရာကနေ ရေမြောင်းကိုပိတ်ဆို့ပြီး ညစ်ညမ်းတဲ့သုံးရေတွေကို အသုံးပြုနေကြရပါတယ်။
“ ဒီအမှိုက်ပုံကို ဝန်ကြီး ဦးမြင့်ကြိုင် ကိုယ်တိုင်လာကြည့်သွားတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ရှင်းပေးမယ်လည်း ပြောသွားတယ်နော်။ ခုထိ ဒီတိုင်းပဲ ပိုတောင်ဆိုးလာသေးတယ် ” လို့ သီရိဟေမာ ရပ်ကွက်မှာ နေထိုင်သူ တဦးက ပြောပါတယ်။

သီရိဟေမာရပ်ကွက်ဟာ စစ်ကောင်စီရဲ့ လ.ဝ.က ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်ထဲက သူကိုယ်တိုင် မဲပေးခဲ့တဲ့မဲရုံရှိရာ ရပ်ကွက်ဖြစ်ပါတယ်။ ဒီအမှိုက်ပုံဟာ ၂၀၂၄ ခုနှစ် နှောင်းပိုင်း ကာလကစပြီး စည်ပင်ကပုံမှန် သိမ်းဆည်းခြင်း မရှိတော့သလို အမှိုက်ပစ်သူတွေဟာလည်း စည်းကမ်းတကျ မပစ်တာကြောင့် အနံ့အသက် ဆိုးဝါးမှုနဲ့ လမ်းပိတ်ဆို့မှုတွေ စတင်လာခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှိုက်ပုံတည်ရှိရာနေရာဟာ ရဲစခန်းလမ်းပေါ်မှာ ဖြစ်သလို သစ်တောရုံး ရှေ့တည့်တည့်မှာ ဖြစ်ပြီး မြစိမ်းရပ်ကွက်နဲ့ သီရိဟေမာ ရပ်ကွက်က ဒေသခံတွေ သုံးရေအဖြစ် အသုံးပြုနေကြတဲ့ ရေမြောင်းဘေးမှာ ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် အမှိုက်ပုံက အနံ့အသက်ဆိုးတွေနဲ့ အညစ်အကြေးတွေဟာ မြောင်းထဲကို စီးဝင်ပိတ်ဆို့တာတွေ ဖြစ်နေတဲ့အကြောင်း ဒေသခံတွေက သက်ဆိုင်ရာ အာဏာပိုင်တွေအပြင် ဝန်ကြီး ဦးမြင့်ကြိုင်ကိုပါ တင်ပြပြီး ဖြေရှင်းပေးဖို့ အကူညီတောင်းခဲ့ကြတယ်လို့ ဆိုကြပါတယ်။
“မဲလာဆွယ်တဲ့သူတိုင်း ဒီအမှိုက်ပုံကိုတွေ့တယ်။ လုပ်ရမှာပေါ့။ ရှင်းရမှာပေါ့ ပြောတယ်။ ခုထိဘယ်သူမှ မလုပ်သေးဘူး။ တခြားသူတွေ မပြောနဲ့ ပြည်ထောင်စုဝန်ကြီးဆိုတဲ့လူတောင် မလုပ်ပေးဘူး။ သူမလုပ်ပေးတာလား သူ့လက်အောက်က လူတွေ မလုပ်ပေးတာလားတော့ မသိဘူးပေါ့လေ ” လို့ မြစိမ်းရပ်ကွက်မှာ နေထိုင်သူ တဦးကပြောပါတယ်။
ကျုံးမငေးမြို့ဟာ ဝါးခယ်မမြို့နယ် အပိုင်ထဲမှာရှိနေတာဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း (၂) မှာပါဝင်ခဲ့ပြီး ဒီနေရာဟာ ဦးမြင့်ကြိုင်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် အမှတ်(၁)မှာ ပါဝင်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၂)ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ဦးမြင့်ကြိုင်ဟာ ဇန်နဝါရီ ၉ ရက်နေ့က သီရိဟေမာ ရပ်ကွက်က မဲရုံ အမှတ် (၁)မှာ ကြိုတင်မဲပေးခဲ့သူဖြစ်ပါတယ်။ ဒီမဲရုံဟာ အမှိုက်ပုံနဲ့ မဝေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ရပ်ကွက်က အုပ်ကြီးက ဇော်မင်းလတ်တဲ့ ဒီအမှိုက်ပုံကို ရှင်းဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့ကို ဝန်ကြီးကတာဝန်ပေးခဲ့တယ်ကြားတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရပ်ကွက်ကိစ္စသူလုပ်ရမှာပဲ။ စစ်မှုထမ်းကြေးကျ ရက်ကျော်လို့မရဘူး။ ဒီကိစ္စကျ ခဏခဏပြောနေတာတောင် မလုပ်ပေးသေးဘူး ” လို့ သီရိဟေမာရပ်ကွက်က ဒေသခံတဦးက ဆိုပါတယ်။
ကျုံမငေးမြို့ဟာ ဧရာဝတီမြစ်ဘေးမှာ ရှိနေတာဖြစ်ပြီး ဒီရပ်ကွက်တွေဟာ ကမ်းနားနဲ့ ကပ်လျှက်ရပ်ကွက်တွေ ဖြစ်ကြတာကြောင့် အမှိုက်ပုံရဲ့ အနေအထားအရ ရေစီးရေလာပိတ်ဆို့မှု၊ အနံ့အသက်ဆိုးဝါးမှု၊ မီးဘေးနဲ့ မိုးတွင်းကာလ ရေကြီးရေလျှံမှုတွေကို စိုးရိမ်ရတဲ့ အနေအထားဖြစ်နေသလို မသန့်ရှင်းတဲ့ရေတွေကို အသုံးပြုနေရတာကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ အတွက်လည်း စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ရှင်းပြကြပါတယ်။