ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့ပါတီ လူထုဆန္ဒ ကောက်ယူမှုတွေမှာ ထိပ်ဆုံးကပြေးနေ

ပြီးခဲ့တဲ့ ၂၀၂၃ ရွေးကောက်ပွဲတုန်းက ပြည်သူ့ပါတီရဲ့ အရင်ပါတီဖြစ်တဲ့Move Forward ဟာ မဲအများဆုံးနဲ့ အမတ်နေရာ အများဆုံးကို အနိုင်ရရှိခဲ့တာကြောင့် စစ်တပ်နဲ့ ဘုရင့်ဝါဒီ အသိုင်းအဝိုင်းကို တုန်လှုပ်သွားစေခဲ့ပါတယ်။

၇၊ ဖေဖော်ဝါရီ။ 

အရင်ပါတီဖြစ်တဲ့ Move Forward ပါတီဟာ ၂၀၂၃ ခုနှစ်မှာ အာဏာပိုင်တွေရဲ့ဖျက်သိမ်းတာကို ခံခဲ့ရပေမဲ့လည်း အခု People Party ပြည်သူ့ပါတီရဲ့ လူငယ်ခေါင်းဆောင်သစ်ကတော့ ဒီတခေါက် ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ အပြောင်းအလဲတွေ လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

အသက် ၃၈ နှစ်အရွယ် ထိုင်းနိုင်ငံရေးသမား နတ်သာဖွန် ဆီကို သူ့ကိုအားပေးကြတဲ့ ပရိသတ်တွေဆီက လက်ဆောင်တွေ တသီတတန်းကြီး ရောက်ရှိနေပါတယ်။ ထောက်ခံသူတွေထဲမှာ ကျောင်းသားလူငယ် အများအပြား ပါဝင်ပြီး လိမ္မော်ရောင် ပန်းကုံးတွေနဲ့ လိမ္မော်သီး ၊ ငှက်ပျော်သီးတွေကို ပေးအပ်ခဲ့ကြပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေ နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းခံခဲ့ရပြီးနာမည်အသစ်၊ ခေါင်းဆောင်အသစ်တွေနဲ့ ပြန်ဖွဲ့စည်းခဲ့ရတဲ့ ဒီပြုပြင်ပြောင်းလဲရေးလိုလားတဲ့ လူငယ်ပါတီအတွက်တော့ လိမ္မော်ရောင်ဟာ မပြောင်းလဲဘဲ ကျန်ရှိနေတဲ့ အမှတ်အသားတခုပါပဲ။

“တကယ်လို့ သင်တို့ကိုယ်သင်တို့ ဒီမိုကရေစီ ဘက်တော်သားတွေလို့သတ်မှတ်ထားတယ်ဆိုရင် ကျွန်တော်တို့ကို အခွင့်အရေးပေးကြပါ” လို့ ထိုင်းအရှေ့မြောက်ပိုင်း အူဒွန်းဌာနီက ပြည်သူ့ပါတီ မဲဆွယ်ပွဲမှာ နတ်သာဖွန်းက လူထုကို တိုက်တွန်းခဲ့ပါတယ်။ “ဒီပါတီဟာ ဒီမိုကရေစီကို မြတ်နိုးတဲ့ပါတီပါ”လို့လည်း သူက ဆိုပါတယ်

လူငယ်တွေနဲ့ မြို့ပြမဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို အခိုင်အမာရထားတဲ့ ပြည်သူ့ပါတီဟာ တနင်္ဂနွေနေ့မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် လူထုဆန္ဒကောက်ယူမှုတွေမှာတော့ ရှေ့က ပြေးနေပါတယ်။

ဒါပေမဲ့လည်း အစိုးရဖွဲ့နိုင်လောက်တဲ့ အပြတ်အသတ် မဲအများစုကိုတော့ ရနိုင်ခြေမရှိသလို သူတို့ အာဏာမရအောင် အရင်က တားဆီးခဲ့တဲ့ ပြိုင်ဘက်တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ကလည်း တော်တော်လေး ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင်ဥပဒေကြောင်းအရ ရင်ဆိုင်ရမယ့် တိုက်ပွဲတွေကလည်း ရှိနေပါသေးတယ်။

ပြည်သူ့ပါတီဟာ ဘုရင့်ဝါဒီ စစ်တပ်ရှေးရိုးစွဲတွေရဲ့ ထောက်ခံမှုကို ရထားတဲ့ပါးနပ်တဲ့ နိုင်ငံရေးသမား လက်ရှိဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးရဲ့ ဘုမ်ဂျိုင်ထိုင်းပါတီ၊ ပြီးတော့ အကျဉ်းကျနေတဲ့ ခေါင်းဆောင်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ ဆက်နွှယ်နေတဲ့ ဖွေ့ထိုင်းပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဖွေ့ထိုင်းပါတီဟာ အားနည်းသွားမယ်လို့ ခန့်မှန်းရပေမဲ့ အင်အားကြီးတဲ့ နိုင်ငံရေးအင်အားစုအဖြစ် ရှိနေဆဲပါပဲ။

ပြည်သူ့ပါတီရဲ့ မဲဆွယ်ပွဲကို တက်ရောက်လာတဲ့ မဲဆန္ဒရှင် အများအပြားကတော့ ထိုင်းနိုင်ငံရေးစနစ်ကို အခြေခံကနေ ပြောင်းလဲစေချင်ကြပါတယ်။

“ကျွန်မရဲ့ ဘဝသက်တမ်းတလျှောက် ရွေးကောက်ပွဲတွေ အများကြီး ကြုံခဲ့ပြီးပြီ။ ဒီစနစ်ဟောင်းကြီးကို ထပ်မတွေ့ချင်တော့ဘူး။ ပြည်သူတွေအတွက်တန်းတူညီမျှမှု ရှိစေချင်တယ်။ လူငယ်တွေလည်း သူတို့ရဲ့ ထင်မြင်ချက်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ရှိစေချင်တယ်” လို့ အသက် ၄၆ နှစ်အရွယ် ထောက်ခံသူ ရတနာကွန်း ဘွန်းချီးက ပြောပါတယ်။

ပြည်သူ့ပါတီရဲ့ နောက်ကွယ်က လှုပ်ရှားမှုဟာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကမှစတင်ခဲ့တာ ဖြစ်ပေမဲ့ နိုင်ငံကို ပိုပြီးဒီမိုကရေစီဆန်အောင် ပြုပြင်ပြောင်းလဲဖို့နဲ့ ထိုင်းစီးပွားရေးကို ချုပ်ကိုင်ထားတဲ့ လက်ဝါးကြီးအုပ်မှုတွေကို ဖျက်သိမ်းဖို့ ကတိပေးခဲ့တာကြောင့် လူထုထောက်ခံမှုကို အလျင်အမြန် ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ရွေးကောက်ပွဲတုန်းက ပြည်သူ့ပါတီရဲ့ အရင်ပါတီဖြစ်တဲ့Move Forward ဟာ မဲအများဆုံးနဲ့ အမတ်နေရာ အများဆုံးကို အနိုင်ရရှိခဲ့တာကြောင့် စစ်တပ်နဲ့ ဘုရင့်ဝါဒီ အသိုင်းအဝိုင်းကို တုန်လှုပ်သွားစေခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ်တွေက Move Forward ပါတီ အာဏာမရအောင် တားဆီးခဲ့သလို နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။

ဘုရင်ကို ဝေဖန်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ တင်းကျပ်လွန်းတဲ့ပုဒ်မ ၁၁၂ (Lese-majesty law) ကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ပါတီရဲ့ကတိကဝတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တာပါ။

ပါတီခေါင်းဆောင် နတ်သာဖွန်း အပါအဝင် ပါတီဝင်တွေဟာ ဥပဒေကြောင်းအရ အမှုတွေ ရင်ဆိုင်နေရဆဲပါ။ သူဟာ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ကျင့်ဝတ် ဖောက်ဖျက်မှုနဲ့ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးမှုကို ခံနေရတဲ့ Move Forward အမတ်ဟောင်း ၄၄ ဦးထဲက တဦး ဖြစ်ပါတယ်။ အခုတော့ ပါတီက အဲဒီမူဝါဒကိုစွန့်လွှတ်လိုက်ပါပြီ။

နတ်သာဖွန်းက ဒီအမှုဟာ စိုးရိမ်စရာ သိပ်မရှိဘူးလို့ ယူဆထားပြီး သူ ဘာမှမှားယွင်းတာ မလုပ်ခဲ့ဘူးလို့ Guardian သတင်းဌာနကို ပြောပါတယ်။“လွှတ်တော်ထဲမှာ ဥပဒေပြင်ဆင်ဖို့ အဆိုတင်သွင်းတာဟာ လွှတ်တော်အမတ်တွေရဲ့ အခွင့်အရေးပဲ” လို့လည်း သူက ဆိုပါတယ်။

ဆော့ဖ်ဝဲအင်ဂျင်နီယာဟောင်း နတ်သာဖွန်း ဟာ ၂၀၂၄ ခုနှစ်မှာ နိုင်ငံရေးလုပ်ပိုင်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့ ပါတီခေါင်းဆောင်ဟောင်း ဖိ့တာ လင်ဂျာရိုရတ်လောက်တော့ လူကြိုက်မများဘူးလို့ စစ်တမ်းတွေက ဆိုပါတယ်။

ဒါပေမဲ့ အူဒွန်းဌာနီမှာတော့ ထောက်ခံသူတွေက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ ကွန်ပျူတာဂိမ်း ဝါသနာရှင်ဖြစ်တဲ့ သူဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ပါတီရဲ့ အွန်လိုင်းနည်းဗျူဟာကို အောင်မြင်အောင် လုပ်ဆောင်ပေးခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ အသက်အငယ်ဆုံး အတိုက်အခံခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်နဲ့ ထိုင်းနိုင်ငံရဲ့ တန့်နေတဲ့ စီးပွားရေးကိုပြန်လည်ဦးမော့လာအောင် လုပ်ဖို့အတွက် အဂတိလိုက်စားမှုကို တိုက်ဖျက်တာဟာ ပါတီရဲ့ အဓိက ဦးစားပေးဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီကတိကဝတ်ဟာ ထောက်ခံသူ အများအပြားကို ဆွဲဆောင်နိုင်ပါတယ်။“အဂတိလိုက်စားမှုက ပထမဆုံး ဦးစားပေးပါ။ ဒါကို ဖြေရှင်းနိုင်ရင် ကျန်တာတွေက အလိုလို လိုက်လာလိမ့်မယ်” လို့ အသက် ၁၈ နှစ်အရွယ် ပထမဆုံးအကြိမ် မဲပေးမယ့် ခတ်သဝုဒ် ဆွတ်မာရက်က ပြောပါတယ်။ ခတ်သဝုဒ်က သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ အူဒွန်းဌာနီက လူငယ်တွေအတွက် အခွင့်အလမ်းတွေပိုများတဲ့ တန်းတူညီမျှတဲ့ စီးပွားရေးစနစ်ကို လိုချင်နေတာပါ။

“ဘန်ကောက်မြို့တော်ကြီးမှာပဲ စုနေတာ မဟုတ်ဘဲ နယ်တွေမှာပါအလုပ်အကိုင် အခွင့်အလမ်းတွေ ရစေချင်တယ်။ ကျွန်တော်ကတော့ အိမ်နဲ့နီးနီးနားနားမှာပဲ အလုပ်လုပ်ချင်တာ” လို့ သူက ဆိုပါတယ်။

နတ်သဖုန်းရဲ့ မဲဆွယ်ကား ဖြတ်သွားချိန်မှာ သူငယ်ချင်းတွေနဲ့အတူ အော်ဟစ်အားပေးခဲ့တဲ့ နောက်ထပ် မဲပေးမယ့်သူတဦးဖြစ်တဲ့ ဖတ်ချာရာဖုန်း ဘွန်ယောင်ကတော့ ထိုင်းနိုင်ငံမှာ ဒေသခံ နိုင်ငံရေးသမားတွေဆီကနေ ရေတိုအကူအညီယူရတဲ့ အချင်းချင်း ကျေးဇူးပြုတဲ့ နိုင်ငံရေးစနစ်ကနေ ရုန်းထွက်စေချင်နေပါတယ်။

“ထိုင်းနိုင်ငံသားတိုင်းဟာ နိုင်ငံရေးသမားတွေဆီက ပိုက်ဆံပဲ ယူနေရတာမျိုးမဟုတ်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ ငွေကြေးလွတ်လပ်ခွင့်ရှိစေချင်တယ်” လို့ သူက ဆိုပါတယ်။

ပြည်သူ့ပါတီဟာ ဒီလို နိုင်ငံရေးစနစ်တွေက အဂတိလိုက်စားမှုကို ဖြစ်စေတယ်လို့ ဝေဖန်နေတာ ဖြစ်ကြောင်း ISEAS – Yusof Ishak အင်စတီကျုကဒေါက်တာ နာပွန်က ပြောပါတယ်။ ဒါဟာ မဲဆန္ဒရှင်တချို့ရဲ့ ထောက်ခံမှုကို ရနိုင်ပေမဲ့ စီးပွားရေးနှေးကွေးပြီး ငွေကြေးအခက်အခဲဖြစ်နေတဲ့ အခြေအနေမျိုးမှာတော့ လူတိုင်းကို ဆွဲဆောင်နိုင်ဖို့ ခက်ကောင်း ခက်နိုင်ပါတယ်။

 “မဲဆန္ဒရှင်တွေက သူတို့ရဲ့ လက်တွေ့ကျတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့်၊ ဒေသတွင်းကို ကောင်းကောင်း ဝန်ဆောင်မှုပေးနိုင်တဲ့ ပါတီကို ပိုကြိုက်မလား၊ ဒါမှမဟုတ် ပြည်သူ့ပါတီလို စီးပွားရေးစနစ်တခုလုံးကို အခြေခံကနေပြောင်းလဲဖို့ ကြိုးစားတဲ့ ပါတီကို ပိုကြိုက်မလား ဆိုတာကတော့ တကယ်ပဲမရေမရာ ဖြစ်နေပါတယ်” လို့ နာပွန်က ဆိုပါတယ်။

တနင်္ဂနွေနေ့မှာတော့ မဲဆန္ဒရှင်တွေဟာ နယ်မြေအလိုက် အမတ် ၄၀၀ နဲ့ ပါတီအလိုက် အမတ် ၁၀၀ ကို ရွေးချယ်ကြမှာပါ။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ ထောက်ခံသလားဆိုတာကိုလည်း မဲပေးကြရမှာ ဖြစ်ပြီး ပြည်သူ့ပါတီကတော့ ဥပဒေကို ပိုပြီး ဒီမိုကရေစီဆန်အောင် လုပ်ဖို့အတွက် ဒါကို ထောက်ခံထားပါတယ်။

ပြည်သူ့ပါတီဟာ ဘန်ကောက်နဲ့ ချင်းမိုင်လို မြို့ကြီးတွေမှာ ထောက်ခံမှုအလုံအလောက် ရနိုင်ခြေရှိပေမဲ့ ကျေးလက်ဒေသတွေကိုပါ ထိုးဖောက်နိုင်ဖို့လိုတယ်လို့ နာပွန်က ထောက်ပြပါတယ်။

 ပြည်သူ့ပါတီက ပစ်မှတ်ထားနေတဲ့ အူဒွန်းဌာနီဟာ ခေါင်းဆောင်ဟောင်းသက်ဆင်ရဲ့ အမာခံနယ်မြေတခုပါ။ ဈေးထဲက ဈေးသည်တွေကတော့ အဲဒီဒေသကလူတွေဟာ ဖွေ့ထိုင်းပါတီအပေါ် သစ္စာရှိနေကြဆဲပဲလို့ ပြောပါတယ်။

“ကျွန်မ အသက် ၁၈ နှစ်ကတည်းက ဖွေ့ထိုင်းကို မဲပေးလာတာ အခု အသက်၅၀ ရှိပြီ” လို့ ကမ်ဂျန်က ပြောပါတယ်။

 ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေအပေါ် သူ စိတ်ကုန်နေပြီဆိုတာကိုလည်း သူက ဝန်ခံပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲနောက်ပိုင်း ဝန်ကြီးချုပ်လေးယောက်မြောက်အထိ ပြောင်းလဲနိုင်တဲ့ အခြေအနေ ဖြစ်နေပေမဲ့လည်းသူ မဲသွားပေးမှာပါလို့ ပြောပါတယ်။

 ပြည်သူ့ပါတီကလည်း သူတို့ရဲ့ ထောက်ခံသူတွေကို အဲဒီလိုပဲ မဲပေးကြဖို့တိုက်တွန်းနေပါတယ်။

ထောက်ခံသူတွေနဲ့အတူ ဓာတ်ပုံတွဲရိုက်ပြီးနောက်မှာတော့ နတ်သာဖွန်းက Guardian ကို အခုလို ပြောပါတယ်။

 “ဒီတခေါက် ရွေးကောက်ပွဲမှာ မဲပေးသူ ၈၀ ရာခိုင်နှုန်းထက် ပိုများမယ်ဆိုရင် ထိုင်းနိုင်ငံရေးကို ပြည်သူ့လက်ထဲ ပြန်အပ်နိုင်တဲ့ တကယ့်အပြောင်းအလဲကိုဖော်ဆောင်နိုင်မယ်လို့ ကျွန်တော် တကယ်ပဲ ယုံကြည်ပါတယ်”

 ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှာ မဲစာရွက် သုံးရွက် ရမှာဖြစ်ပြီး အစိမ်းရောင်က ဒေသအဆင့် အမတ်လောင်းအတွက်၊ အပြာရောင်က ပါတီအလိုက် အမတ်လောင်းအတွက်နဲ့အဝါရောင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူဖို့ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအသစ်အတွက် ဆန္ဒခံယူမှုကို အစားထိုးဖို့ ဖွဲ့စည်းပုံအသစ်ရေးဆွဲသင့်၊ မသင့်ကို မဲဆန္ဒရှင်တွေက “သဘောတူ”၊ “မတူ” ဒါမှမဟုတ်”မှတ်ချက်မပေး” ဆိုပြီး ရွေးချယ်ရမှာပါ။

 ရွေးကောက်ပွဲနဲ့ ဆန္ဒခံယူပွဲကို တပြိုင်တည်း လုပ်တာကြောင့်ကုန်ကျစရိတ်ဟာ ထိုင်းဘတ်ငွေ ၇,၈၀၀ သန်း အထိ ရှိလာမှာပါ။ ဒါဟာပြီးခဲ့တဲ့ ၂၀၁၉ နဲ့ ၂၀၂၃ ရွေးကောက်ပွဲတွေထက် ဘတ်သန်း ၂,၀၀၀ကျော် ပိုများနေတာ ဖြစ်ပါတယ်။

Ref – theguardian