
အဆိုပါ အမျိုးသမီးဟာ ခရီးသွားထားတဲ့ ရာဇဝင်မရှိပေမဲ့ စွန်ပလွံရည် အစိမ်းကို သောက်ခဲ့ဖူးတဲ့ ရာဇဝင်တော့ ရှိပါတယ်။
၇၊ ဖေဖော်ဝါရီ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှာ ဇန်နဝါရီလအတွင်းက အမျိုးသမီးတဦးဟာ နီပါဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နီပါဗိုင်းရပ်စ် ကူးစက်မှုတွေ နှစ်စဉ်လိုလို ရှိတတ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ အခုလို ကူးစက်မှုတွေ့ရတာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဒီဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦး တွေ့ရှိခဲ့ပြီးနောက်မှာ ပေါ်ပေါက်လာတာပါ။
အိန္ဒိယမှာ တွေ့ရှိခဲ့တာကြောင့် အာရှတလွှားက လေဆိပ်တွေမှာ စစ်ဆေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်က အဆိုပါ လူနာဟာ အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသမီးတဦးဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်နေ့မှာ နီပါးဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေ စတင်ပြသခဲ့ပါတယ်။
အဖျားတက်တာ၊ ခေါင်းကိုက်တာတွေအပြင် သွားရည်အလွန်အမင်းထွက်တာ၊ စိတ်ရှုပ်ထွေးတာနဲ့ တက်တာမျိုးတွေပါ ဖြစ်ခဲ့တယ်လို့ WHO က ဆိုပါတယ်။
သူဟာ တပတ်အကြာမှာ သေဆုံးသွားခဲ့ပြီး သူသေဆုံးပြီး နောက်တနေ့မှာပဲ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့တာပါ။
အဆိုပါ အမျိုးသမီးဟာ ခရီးသွားထားတဲ့ ရာဇဝင်မရှိပေမဲ့ စွန်ပလွံရည် အစိမ်းကို သောက်ခဲ့ဖူးတဲ့ ရာဇဝင်တော့ ရှိပါတယ်။
သူနဲ့ ထိတွေ့ခဲ့သူ ၃၅ ဦးစလုံးကို စောင့်ကြည့်စစ်ဆေးနေပြီး ဗိုင်းရပ်စ် မရှိကြောင်း အဖြေထွက်ထားသလို အခုထိတော့ တခြားကူးစက်ခံရသူ ထပ်မတွေ့သေးဘူးလို့ WHO က ပြောပါတယ်။
နီပါဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်ရှိတဲ့ လင်းနို့တွေ နားထားတဲ့ သစ်သီးဝလံတွေလိုမျိုး အရာတွေကတဆင့် အဓိက ကူးစက်တာပါ။
ကူးစက်ခံရရင် ၇၅ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေ ရှိပေမဲ့ လူအချင်းချင်း ကူးစက်ဖို့တော့ သိပ်မလွယ်ကူပါဘူး။
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တွေ့တယ်လို့ သတင်းထွက်လာပြီးနောက် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန် အပါအဝင် နိုင်ငံတွေဟာ လေဆိပ်တွေမှာ ကိုယ်အပူချိန် တိုင်းတာတာတွေကို လုပ်ဆောင်လာကြပါတယ်။
နိုင်ငံတကာကို ဒီရောဂါ ပျံ့နှံ့သွားနိုင်ခြေဟာ နည်းပါးတယ်လို့ ယူဆရကြောင်းနဲ့ လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ ခရီးသွားလာတာ ဒါမှမဟုတ် ကုန်သွယ်မှု ကန့်သတ်တာမျိုးတွေ လုပ်ဖို့ အကြံမပြုသေးဘူးလို့ WHO က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းကလည်း ဘင်္ဂလားဒေ့ရှ်မှာ ဓာတ်ခွဲခန်းစစ်ဆေးချက်အရ အတည်ပြုထားတဲ့ သေဆုံးမှု လေးခု ရှိခဲ့ပါတယ်။
လောလောဆယ်မှာတော့ ဒီရောဂါပိုးအတွက် သီးသန့်ထုတ်ထားတဲ့ တရားဝင်ဆေးဝါး ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးပါဘူး။
Ref – Reuters