ဧရာဝတီအမှတ် ၃ တပ်ရင်းက ဇေယျဝတီသကြားစက်အနီး စစ်တပ်ဂိတ်ကို ဝင်တိုက်ခိုက်

“သွားတာကတော့ ရဲဘော်သုံးဦးပေ့ါ၊ ကျန်တဲ့နှစ်ယောက်က မီတာ သုံးရာလောက်မှာ ကျန်ခဲ့ပြီး backup လုပ်နေ တယ်။ သွားရှင်းလိုက်တာကတော့ ရဲဘော်တဦးတည်းပါ”

၆၊ ဖေဖော်ဝါရီ။

ဧရာ၀တီအမှတ်(၃)တပ်ရင်းက ထောက်လှမ်းရေးရဲဘော်တဦးဟာ ပဲခူးတိုင်း ဇေယျဝတီ မြို့နယ်အတွင်း စစ်တပ်ရဲ့ ဂိတ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်ကြပ်ကြီးတဦး သေဆုံးပြီး သေနတ်နှစ်လက်နဲ့ ကျည်တွေသိမ်း ဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မနေ့က ဒီဇင်ဘာ ၅ ရက်နေ့ညနေ လေးနာရီခွဲ ဝန်းကျင်အချိန်မှာ ဇေယျဝတီသကြားစက် အနီးရှိ စစ်တပ်ဂိတ်ထဲထိ ဝင်ရောက်ပြီး ၉ မီလီမီတာ(9 MM) ပစ္စတိုတလက်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဂိတ်မှာ အင်အား ၁၁ ဦးလောက်ရှိတယ်၊ နှစ်ယောက်စီ ကင်း၊ ဂိတ်စစ်ကြတယ်ပေ့ါ၊ ကျန်တဲ့သူတွေကလည်း အဲဒီပတ်ဝန်းကျင်က အိမ်တွေထဲမှာ အဲဒီချိန်ဆို အရက်သောက်စားနေတဲ့အချိန်ပေ့ါဗျာ။ ဂိတ်မှာ နှစ်ယောက်ရှိတဲ့ အထဲမှာမှ ကျန်တယောက်က ကွမ်းသွားဝယ်နေတယ်၊ သေနတ်ထားခဲ့ပြီးတော့။ တယောက်တည်းပဲ ရှိနေတဲ့အ ချိန်မှာ ကျွန်တော်တို့က သေသေချာချာ သတင်းထောက်လှမ်းပြီးတော့ ဒီလိုမျိုး ဂိတ်သွားပြီးတော့ ပစ်ခတ်ရှင်း လင်းခဲ့တာ ဖြစ်ပါတယ်”လို့ ဧရာ၀တီအမှတ်(၃)တပ်ရင်းမှ ထောက်လှမ်းရေး တာဝန်ခံ ရဲဘော်ရောင်နီက DNA ကို ပြောပါတယ်။

အဲဒီ စစ်ကော်မရှင်ဂိတ်စခန်းကို ထောက်လှမ်းရေးရဲဘော်တဦးတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိ အခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကာ MA3 တစ်လက် MA11 တစ်လက် ကျည်ဘောက် ၂ ဘောက် ကျည် ၄၀ တောင့် သိမ်းဆည်းရရှိခဲတယ်လို့ ဆိုပါတယ်။

“သွားတာကတော့ ရဲဘော်သုံးဦးပေ့ါ၊ ကျန်တဲ့နှစ်ယောက်က မီတာ သုံးရာလောက်မှာ ကျန်ခဲ့ပြီး backup လုပ်နေ တယ်။ သွားရှင်းလိုက်တာကတော့ ရဲဘော်တဦးတည်းပါ” လို့ ရဲဘော်ရောင်နီက ပြောပါတယ်။

ဧရာ၀တီအမှတ်(၃)တပ်ရင်းဟာ ဟင်္သာတခရိုင်ရဲ့ အမှတ် (၂)တပ်ရင်းလည်း ဖြစ်သလို ဧရာ၀တီတိုင်းအတွင်း မှာ အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိသလို ရန်ကုန် – မန္တလေး လမ်းဟောင်းတဝိုက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၅ ဇွန်လ ၁၀ ရက်နေ့ကလည်း ဇေယျ၀တီမြို့ ဘူတာရုံနဲ့ ဇေယျ၀တီသကြားစက်တွေမှာ ကင်းပုန်းဝပ် နေကြတဲ့ စစ်ကော်မရှင် တပ်ဖွဲ့တွေကို ဒေသခံတော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်သား လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဖြူးပကခက ထုတ်ပြန်ခဲ့ပါတယ်။