
အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့နဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေ ပြန်ရလာဖို့အတွက် ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာအောင် ဒေသတွင်း မိတ်ဖက်နိုင်ငံတွေ၊ သက်ဆိုင်သူတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၆၊ ဖေဖော်ဝါရီ။
အမေရိကန်အစိုးရက မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ အမျိုးသား အရေးပေါ်အခြေအနေကို နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်တယ်လို့ အိမ်ဖြူတော်ကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ အရေးပေါ်အခြေအနေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အမိန့်အမှတ် ၁၄၀၁၄ နဲ့ စတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ပုံမှန်မဟုတ်တဲ့အပြင် ထူးကဲတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်နေစေတယ်လို့ သမ္မတက ယူဆခဲ့တာပါ။
အခု ၂၀၂၆ ခုနှစ်မှာလည်း အဆိုပါ ခြိမ်းခြောက်မှုတွေဟာ ဆက်ပြီး ရှိနေဆဲပဲလို့ အိမ်ဖြူတော်က ဆိုပါတယ်။ သမ္မတအစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။
အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့နဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေ ပြန်ရလာဖို့အတွက် ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာအောင် ဒေသတွင်း မိတ်ဖက်နိုင်ငံတွေ၊ သက်ဆိုင်သူတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လိုအပ်ရင် လိုအပ်သလို ဖိအားပေးမှုတွေကို ချိန်ညှိဆောင်ရွက်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ အကြောင်းပြချက်တွေကြောင့် ၂၀၂၁ ခုနှစ်က ကြေညာခဲ့တဲ့ အရေးပေါ်အခြေအနေကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းအထိ ဆက်ပြီး အတည်ဖြစ်စေဖို့ ဆုံးဖြတ်ခဲ့တာပါ။
အမျိုးသားအရေးပေါ်အခြေအနေဆိုင်ရာ အက်ဥပဒေအရ ဒီအမိန့်ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်တဲ့ အကြောင်း အသိပေးချက်ကို နေ့စဉ်အစိုးရပြန်တမ်း Federal Register မှာ ထုတ်ပြန်သွားမှာဖြစ်သလို လွှတ်တော်ကိုလည်း တရားဝင် ပေးပို့သွားမှာ ဖြစ်ပါတယ်။