ဂွကမ်းခြေတလျှောက် နေဗီက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေ

“မြို့ထဲမှာကတော့ အိမ်တွေ၊ ရုံးတွေ သိပ်မကျန်တော့ဘူးလို့တောင် ပြောလို့ရတယ်။ နေဗီက ခဏခဏပစ်နေ တာ” 

၅၊ ဖေဖော်ဝါရီ။

ဧရာဝတီတိုင်း ရွှေသောင်ယံနဲ့ ရခိုင်ပြည်နယ် ဂွကမ်းခြေတလျှောက် ပင်လယ်ပြင်မှာ စစ်တပ်က နေရာယူ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေပြီး အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ ဂွမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေပါတယ်။

“လေကြောင်းကနေပါ လာပစ်တာတွေရှိတယ်။ ဟိုရက်ကဆိုရင် တရက်တည်းမှာ ငါးနေရာမှာ ချသွားတယ်။ နေဗီ တွေကတော့ ကမ်းခြေတလျှောက် ငါးစီး၊ ခြောက်စီးအမြဲတမ်းရှိတယ်။ နေ့တိုင်းလည်း လှမ်းပစ်တယ်။ ကမ်းတက်ပြီး ထိုးစစ်ဆင်ဖို့ လုပ်နေတဲ့သဘောပဲ” လို့ ဂွမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

ဂွမြို့နယ်တခုလုံးကို လက်လွှတ်ထားရတာ တနှစ်ကျော်ရှိပြီဖြစ်တဲ့ စစ်တပ်ဟာ ဧရာဝတီဘက်အခြမ်း ရွှေသောင်ယံဘက်ကနေ ကုန်းကြောင်းနဲ့ရော ပင်လယ်ပြင်ကနေရော တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတိုင်း ရွှေသောင်ယံမြို့နယ်အတွင်း AA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်တို့ မြေပြင်တိုက်ပွဲတွေ ရှိနေပါတယ်။ စစ်တပ်ဘက်က ဂွမြို့နယ်အတွင်း ထိုးဖောက် ဝင်ရောက်နိုင်ခြင်းတော့ မရှိသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဂွမြို့ပေါ် ဆေးရုံ၊ ဌာနဆိုင်ရာရုံးတွေအပါ အဝင် လူနေအိမ်အများအပြား ပျက်စီးနေပြီး နယ်ကျေးရွာတွေမှာလည်း အပျက်အစီးတွေ ရှိနေတယ်လို့ ဂွဒေသ ခံတွေက ပြောကြပါတယ်။

“မြို့ထဲမှာကတော့ အိမ်တွေ၊ ရုံးတွေ သိပ်မကျန်တော့ဘူးလို့တောင် ပြောလို့ရတယ်။ နေဗီက ခဏခဏပစ်နေ တာ” လို့ ဂွဒေသခံနောက်တဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဂွမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့လုပ်နေသလို ဧရာ၀တီတိုင်းအတွင်း AA ပူးပေါင်းတပ်ဖွဲ့ က သိမ်းပိုက်ထားတဲ့နယ်မြေတွေကိုလည်း ထိုးစစ်ဆင်နေပြီး သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့အ တွင်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

အဲဒီဧရာ၀တီတိုင်းအတွင်းက တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်သားတွေအထိအခိုက်၊ အကျအဆုံး ဆယ်ချီရှိနေ ပြီး လေကြောင်းဗုံးကြဲမှုတွေ ရက်ဆက်ရှိနေတယ်လို့ ပြောကြပါတယ်။

“လေယာဉ် နေ့တိုင်းလာတယ်။ မနေ့ကဆိုရင် သုံးစီးတောင် တွေ့လိုက်တယ်။ စစ်ကောင်စီက အထိများလို့ လေ ယာဉ်လာတာ။ တိုက်ပွဲကတော့ တော်တော်ပြင်းနေတယ်ပြောကြတယ်” လို့ ဧရာ၀တီတိုင်း ရေကြည်မြို့နယ်မှ ဒေ သခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း ဧရာ၀တီ၊ ပဲခူး၊ မကွေးတိုင်းတို့အတွင်းမှာရှိတဲ့ စစ်ကော်မရှင်တပ်စခန်းတွေကိုပါ ဒေသခံမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူး ပေါင်းကာ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပါ။

လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်းက ရွှေသောင်ယံကမ်းတလျှောက်ကျေးရွာတွေ၊ ရွှေသောင်ယံ – သာပေါင်းလမ်း တလျှောက် ဒေသတွေ၊ ပုသိမ် – မုံရွာလမ်းတလျှောက်၊ ရိုးမတောင်ခြေဒေသတွေကို AA ပူးပေါင်းတပ်ဖွဲ့က ထိန်း ချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေပြီဖြစ်ပါတယ်။

အဲဒီလို ဧရာ၀တီတိုင်းအတွင်းက လက်လွှတ်ထားရတဲ့နေရာတွေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဂွမြို့နယ်တို့ကို စစ် တပ်က တန်ပြန်ထိုးစစ်ဆင်တာတွေလုပ်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။