မြန်မာနဲ့ ရုရှား စစ်ရေးမဟာမိတ်သစ်ဖွဲ့ဖို့ သဘောတူ

ကရင်မလင်ရဲ့ ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူ ဆာဂေးရွှိုင်ဂူရဲ့ တနင်္လာနေ့မြန်မာပြည်ခရီးစဉ်အပြီးမှာ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့်သဘောတူညီချက်အသစ်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့တယ်လို့ TASS သတင်းဌာနက ဖော်ပြပါတယ်။

၄၊ ဖေဖော်ဝါရီ။

မြန်မာနဲ့ ရုရှားတို့ဟာ ငါးနှစ်သက်တမ်းရှိမယ့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့ မော်စကိုကဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့ မှာ ပြောပါတယ်။

အာဏာသိမ်းစစ်တပ် အာဏာတည်မြဲရေးအတွက် ဒီမဟာမိတ်အဖွဲ့ဟာအရေးပါတဲ့အချက်ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနဲ့အတူ ပြည်တွင်းစစ်ကိုမီးမွှေးခဲ့တာဖြစ်ပြီး သူတို့ရဲ့ တပ်ဖွဲ့တွေကို လက်နက်ခဲယမ်း ထောက်ပံ့နိုင်ဖို့အတွက် ရုရှားနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံတို့ရဲ့ ထောက်ခံမှုကို အားကိုးနေရတာပါ။

ရုရှားထုတ် တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေဟာအားကောင်းလာတဲ့ တော်လှန်ရေးအဖွဲ့တွေကို ဟန့်တားထားနိုင်သလိုအရပ်သားတွေကိုလည်း မကြာခဏ ပစ်မှတ်ထားနေတာပါ။

ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲလို့ ပဋိပက္ခစောင့်ကြည့်လေ့လာသူအချို့က ဆိုပါတယ်။

ကရင်မလင်ရဲ့ ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူ ဆာဂေးရွှိုင်ဂူရဲ့ တနင်္လာနေ့မြန်မာပြည်ခရီးစဉ်အပြီးမှာ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့်သဘောတူညီချက်အသစ်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့တယ်လို့ TASS သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာနိုင်ငံပိုင် မီဒီယာတွေကလည်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့အတွက် သဘောတူညီချက် ရတာကို အင်္ဂါနေ့မှာ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားဘက်ကလိုပဲ ဘယ်လိုအချက်အလက်တွေ ပါဝင်တယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်ပြောကြားတာမျိုး မရှိပါဘူး။

မြန်မာစစ်တပ်က ရုရှားတိုက်လေယာဉ်တွေကို အသုံးပြုနေတာကို ခိုင်ခိုင်လုံလုံ မှတ်တမ်းတင်ထားနိုင်သလို မြန်မာဘက်ကလည်း ယူကရိန်းကိုကျူးကျော်ဖို့ ကြိုးစားနေတဲ့ ရုရှားကို စစ်လက်နက်ပစ္စည်းတွေ ပြန်ပို့ပေးနေတယ်လို့ တချို့စောင့်ကြည့်ရေးအဖွဲ့တွေက ဆိုပါတယ်။

“နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့နဲ့ အမျိုးသားအချုပ်အခြာအာဏာနဲ့လုံခြုံရေးကို အားကောင်းအောင်လုပ်ဆောင်နေတဲ့ မြန်မာခေါင်းဆောင်ပိုင်းရဲ့ လမ်းစဉ်ကို ရုရှားက အပြည့်အဝ ထောက်ခံပါတယ်” လို့ ရွှိုင်ဂူက မြန်မာစစ်တပ်က တာဝန်ရှိသူတွေကို ပြောခဲ့ကြောင်း TASS က ဆိုပါတယ်။

အနောက်နိုင်ငံ အတော်များများကတော့ လွန်ခဲ့တဲ့ ငါးနှစ် အာဏာသိမ်းကတည်းက မြန်မာကို အပယ်ခံနိုင်ငံအဖြစ် သတ်မှတ်ထားတာပါ။

ရုရှားကိုလည်း ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အလုံးအရင်းနဲ့ ကျူးကျော်ကတည်းက အလားတူ အပယ်ခံအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

“ရုရှားနဲ့ မြန်မာအပေါ် အနောက်အုပ်စုရဲ့ ဖိအားပေးမှုတွေက ရပ်တန့်သွားမှာမဟုတ်ဘူး” လို့ ရွှိုင်ဂူက ပြောပါတယ်။

“နိုင်ငံတကာမျက်နှာစာ အပါအဝင် မော်စကိုရဲ့ ဘက်စုံကူညီမှုတွေကို ခင်ဗျားတို့ အပြည့်အဝ ယုံကြည်လို့ရပါတယ်”လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ တလကြာပြုလုပ်တဲ့ ရွေးကောက်ပွဲကို မကြာသေးခင်ကမှ အဆုံးသတ်ထားတာပါ။ ဒါဟာ ဒီမိုကရေစီဆီ ပြန်သွားတာဖြစ်သလို ငါးနှစ်ကြာ စစ်အုပ်ချုပ်ရေးနဲ့ ပြည်တွင်းစစ်အပြီးမှာ ငြိမ်းချမ်းရေးအတွက်အခွင့်အလမ်းတခုဖြစ်တယ်လို့ ကြွေးကြော်နေပါတယ်။

ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအကျယ်ကြီးမှာတော့ ရွေးကောက်ပွဲ လုပ်လို့မရခဲ့ပါဘူး။

ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သူ့ရဲ့ပါတီကို ဖယ်ထုတ်ထားတာကြောင့် နိုင်ငံတကာရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကိုလည်း ခံနေရပါတယ်။

စစ်တပ်ရဲ့ လက်ဝေခံလို့ ဝေဖန်သူတွေက ဆိုကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အခုနောက်ဆုံးထွက်လာတဲ့ တရားဝင်ရလဒ်တွေအရအပြတ်အသတ် အနိုင်ရခဲ့ပြီး အာဏာရ နေရာ ၈၀ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေကတော့ ဒီရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်ရေးကို အရောင်တင်ဖို့နဲ့ အားကောင်းအောင်လုပ်ဖို့ ရည်ရွယ်တဲ့ တရားမဝင်လုပ်ရပ်အဖြစ် ငြင်းပယ်ထားကြပါတယ်။

ဒါကြောင့် အဆိုပါ ရွေးကောက်ပွဲဟာ ပြည်တွင်းစစ်ကို ရပ်တန့်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဝေဖန်သူတွေက သုံးသပ်နေကြပါတယ်။