အမေရိကန် လေယာဉ်တင်သင်္ဘောနား ချဉ်းကပ်လာတဲ့ အီရန်ဒရုန်း ပစ်ချခံရ

အီရန်ရဲ့ Shahed-139 အမျိုးအစား ဒရုန်းဟာ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ သေချာမသိရပဲ လေယာဉ်တင်သင်္ဘောဆီကို ပျံသန်းလာတာကြောင့် အမေရိကန်ရဲ့ F-35 တိုက်လေယာဉ်တစင်းက ပစ်ချလိုက်တာလို့ စစ်တပ်က ပြောပါတယ်။

၄၊ ဖေဖော်ဝါရီ။

အာရေဗျပင်လယ်ထဲက အေဘရာဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘောဆီကို ရန်လိုတဲ့ပုံစံနဲ့ ချဉ်းကပ်လာတဲ့ အီရန်ဒရုန်းတစင်းကို အမေရိကန်စစ်တပ်က ဖေဖော်ဝါရီလ ၃ရက်နေ့မှာ ပစ်ချလိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါ အဖြစ်အပျက်ကို Reuters သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာပါ။အီရန်နဲ့ အမေရိကန်ကြား နျူကလီးယားဆွေးနွေးပွဲတွေဖြစ်ဖို့ သံတမန်တွေကြိုးစားနေချိန်မှာပဲ ဒီဖြစ်ရပ် ပေါ်ပေါက်လာတာပါ။

အမေရိကန်စစ်သင်္ဘောတွေ အီရန်ဘက်ကို ဦးတည်မောင်းနှင်နေတာကြောင့်တကယ်လို့ သဘောတူညီချက် မရဘူးဆိုရင် မကောင်းတာတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးထားပါတယ်။

ဒရုန်းပစ်ချခံရတဲ့သတင်း ထွက်လာပြီးတဲ့နောက်မှာတော့ ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းတွေဟာ တစည်ကို  တဒေါ်လာကျော်အထိ တက်သွားပါတယ်။

အီရန်ရဲ့ Shahed-139 အမျိုးအစား ဒရုန်းဟာ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ သေချာမသိရပဲ လေယာဉ်တင်သင်္ဘောဆီကို ပျံသန်းလာတာကြောင့် အမေရိကန်ရဲ့ F-35 တိုက်လေယာဉ်တစင်းက ပစ်ချလိုက်တာလို့ စစ်တပ်က ပြောပါတယ်။

“ကိုယ်ကိုယ်တိုင် ကာကွယ်ဖို့နဲ့ လေယာဉ်တင် သင်္ဘောပေါ်မှာရှိတဲ့ ဝန်ထမ်းတွေကို အကာအကွယ် ပေးဖို့အတွက် အေဘရာဟမ်လင်ကွန်းပေါ်က F-35C တိုက်လေယာဉ်က အီရန်ဒရုန်းကို ပစ်ချခဲ့တာပါ” လို့ အမေရိကန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်မှူးကြီး တင်ဟောကင်းစ်က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန်သံရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ပါတယ်။

အီရန်ရဲ့ တက်စ်နင်းမ်သတင်းဌာနကတော့ နိုင်ငံတကာရေပိုင်နက်ထဲမှာ ဒရုန်းတစင်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီး  ဘာကြောင့်လဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း အမေရိကန်စစ်သည်တွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိသလို အမေရိကန်ပိုင် ပစ္စည်းကိရိယာတွေလည်း ပျက်စီးတာမျိုး မရှိဘူးလို့သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့လက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတိုးချဲ့လာတာပါ။

လင်ကွန်းလေယာဉ်တင်သင်္ဘော အုပ်စုဟာ အဲဒီစစ်အင်အားတိုးချဲ့မှုရဲ့သိသာထင်ရှားဆုံး အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲဟာ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးနောက်ပိုင်း နိုင်ငံအတွင်းအသေအပျောက်အများဆုံး မငြိမ်မသက်မှု ဖြစ်ခဲ့ပါတယ်။

မကြာသေးခင်က ထရမ့်ဟာ အဲဒီအချိန်ကစပြီး တီဟီရန်အနေနဲ့ နျူကလီးယားကိစ္စ လျှော့ပေးဖို့ တောင်းဆိုခဲ့သလို ကမ်းရိုးတန်းကိုလည်းစစ်သင်္ဘောအုပ်စု စေလွှတ်ခဲ့ပါတယ်။

အီရန်ဘက်က အလေးအနက် ဆွေးနွေးနေပြီလို့ ပြီးခဲ့တဲ့အပတ်က ထရမ့်ကပြောခဲ့သလို အီရန်ရဲ့ ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူ အလီလာရီဂျာနီကလည်း ညှိနှိုင်းမှုတွေအတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

 

Ref – Reuters